Home
မြန်မာသတင်း
ရွေးကောက်ပွဲနီးချိန် မကွေးတိုင်းအတွင်း တိုက်ပွဲပြင်းထန်
DVB
·
December 24, 2025

မကွေးတိုင်း စလင်း၊ ပွင့်ဖြူနဲ့ ဆင်ဖြူကျွန်းမြို့တွေက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း ရွေးကောက်ပွဲ မလုပ်နိုင်မှာစိုးတဲ့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီး ခုခံနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောကြပါတယ်။

ဒီဇင်ဘာ ၂၂ ရက်ညပိုင်းကတည်း မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ် တံတားအနီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက စတင်ထိုးစစ်ဆင်ခဲ့ပြီး  စစ်ကောင်စီတပ်ဘက်ကလည်း Y-12 လေယာဉ်တွေနဲ့ တိုက်ခိုက်တယ်လို့ သိရပါတယ်။ 

လက်ရှိစစ်ဆင်ရေးဟာ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုနဲ့ ပြုလုပ်တာဖြစ်ပြီး တော်လှန်ရေးတပ်တွေ အနေနဲ့ ပထမဆုံးလုပ်တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့လည်း မြေပြင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက ဆင်ဖြူကျွန်းမြို့ဘက်ကို စတင်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ ပြန်လည်ခုခံနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စလင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်က “ဒီနယ်မြေတွေကတော့ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့ စက်ရုံတွေ အများကြီးရှိတဲ့ နေရာဆိုတော့ PDF ဘက်ကနေ ထိုးစစ်တွေ စတာလို့ ယူဆရပါတယ်၊ စစ်ကောင်စီအနေနဲ့လည်း ဆိပ်ဖြူ တို့၊ စလင်း၊ စလေ၊ ဆင်ဖြူကျွန်း တို့ဆိုတာ ကြေညာထားတဲ့ မြို့နယ်တွေပေါ့နော်။ ဒီနယ်မြေတွေမှာ ခုလိုမျိုး ထိုးစစ်တွေ စစ်ဆင်ရေးတွေ ဖြစ်လာတဲ့အခါကျတော့ သူတို့ဘက်ကလည်း ရွေးကောက်ပွဲမဖြစ်မှာစိုးပြီးတော့ ပြင်းပြင်းထန်ထန် ပြန်ပြီးတော့ ဖိအားပေး တိုက်ခိုက်နေတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၂၂ ရက် ည ၁၀ နာရီကနေ ဒီဇင်ဘာ ၂၃ ရက် ညအထိ Y-12 လေယာဉ်နဲ့ ဆင်ဖြူကျွန်းအနောက်ဘက်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်နဲ့ ဗုံးအလုံးရေ ရာနဲ့ချီ ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ 

ကာကွယ်ရေးဘက်က ထိုးစစ်ဆင်နေတာနဲ့အမျှ စစ်ကောင်စီတပ်ဘက်ကလည်း စလင်းဘက်ကနေ လက်နက်ကြီး ပစ်ကူပေးတာနဲ့ ဆိပ်ဖြူဘက်ကနေ စစ်ကြောင်းပြန်ထိုးနေတာရှိသလို ဧရာဝတီမြစ်ထဲကနေလည်း ရေတပ်က ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၈ ရွာက ပြည်သူ ၂,၀၀၀ ဝန်းကျင်လည်း စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့အတွက် ဆင်ဖြူကျွန်းမြို့ပေါ်ကို စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်တာဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတယောက်က ပြောပြပါတယ်။

ဆင်ဖြူကျွန်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတယောက်က “ကျနော်တို့ဒီက ရှောင်နေရတဲ့ ပြည်သူတွေကတော့ အုန်းတောရွာလည်း ရှောင်ရတယ်၊ တညင်ကျင်း၊ ကျီးတိုက်၊ တောကုန်း၊ ကညှပ်ရှောင်ရတယ်၊ နောင်တော်လေး၊ နောင်တော်ကြီးကခုလောဆယ် ရှောင်နေကြတယ်၊  ပြည်သူခန့်မှန်း ၂,၀၀၀ လောက်တော့ရှိမယ်၊ အခုလက်ရှိတိုက်ပွဲအခြေအနေကတော့ အပြန်အလှန်ပစ်ကြတုန်းဘဲရှိသေးတယ်၊ ကိုယ့်ဘက်ကလည်း ပြတ်ပြတ်သားသား မစီးနိုင်သလို စစ်တပ်ဘက်ကလည်း နောက်ဆုတ်တယ်ဆိုတာ မရှိသေးဘူး၊ ဆင်ဖြူကျွန်းနဲ့ တညောင်နဲ့ လမ်းပိုင်းတခုလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားတာ ဒီတိုက်ပွဲက မဖြစ်မနေကို တိုက်ရမဲ့အရာလေ”လို့ ပြောပါတယ်။

လက်ရှိအချိန်ထိတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆင်ဖြူကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ 

တိုက်ပွဲအခြေအနေ အသေးစိတ်နဲ့ပတ်သက်လို့တော့ ကာကွယ်ရေးတပ်တွေဘက်ရော စစ်ကောင်စီတပ်ဘက်ကပါ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013