
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ ရန်ကုန်တိုင်းမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေကို ပိတ်ထားဖို့နဲ့ အချိန်ပိုခေါ်ဖွင့်လှစ်တာ မလုပ်ကြဖို့ သက်ဆိုင်ရာ မြို့နယ်အလုပ်သမားရုံးတွေကနေ အသိပေးထားတယ်လို့ စက်ရုံတာဝန်ရှိသူတွေထံက သိရပါတယ်။
စက်ရုံတချို့က လုပ်ငန်းလိုအပ်ချက်အရ ပိတ်ရက်တွေမှာ အလုပ်သမားတွေကို အချိန်ပို ခေါ်ယူတတ်ကြပြီး ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲနေ့မှာတော့ မဖြစ်မနေ ပိတ်ထားရမယ်လို့ ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မူဇုန်ရှိ အထည်ချုပ်စက်ရုံ HR တယောက်က “၂၈ ရက်နေ့ အတွက် အချိန်ပိုခေါ်ယူဖွင့်လှစ်ခွင့်တင်တာတွေကို လက်မခံဘူး။ အဲဒီနေ့မှာ ဘယ်စက်ရုံမှ မဖွင့်ရဘူးလို့ ပြောတယ်။ အော်ဒါအချိန်မီပြီးဖို့လိုတဲ့ ရုံတွေဆိုရင် ကြားရက်တွေမှာ အချိန်ပို ထပ်တိုးရမဲ့ အနေအထားဖြစ်သွားတာပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီက စက်ရုံလုပ်သားတွေ မဲပေးအောင် စက်ရုံတွေကို အချိန်ပိုခေါ်ခွင့်တားမြစ်တာဖြစ်ပေမဲ့ အလုပ်သမားအများစုကတော့ မဲပေးဖို့ဆန္ဒမရှိကြဘူးလို့ အထည်ချုပ်လုပ်သား သမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။
"တော်တော်များများက မဲပေးဖို့ကို စိတ်မဝင်စားဘူး။ ဘယ်သူစည်းရုံးလို့မှမဟုတ်ဘူး၊ သူတို့ဘာသာကို စိတ်မဝင်စားကြတာ။"
စက်ရုံလုပ်သားအများစုက နယ်အသီးသီးကနေလာလုပ်ကြတာဖြစ်ပြီး အဝေးရောက်ကြိုတင်မဲ ပေးတာမျိုးလည်း မရှိဘူးလို့ အဲဒီလုပ်သားအသိုက်အဝန်းဆီက သိရပါတယ်။
အဲဒီလိုစက်ရုံလုပ်သားတွေက မဲပေးဖို့ဆန္ဒမရှိပေမဲ့ မကြာခင်ရက်ပိုင်းက စက်ရုံအချို့မှာ အလုပ်သမားတွေရဲ့ မှတ်ပုံတင်နဲ့ ကိုယ်ရေးအချက်အလက်တွေ ကောက်ယူသွားတာရှိပြီး ရွေးကောက်ပွဲအတွက် အသုံးချသွားမှာကို စိုးရိမ်နေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)က ထုတ်ပြန်ထားပါတယ်။


