
ချင်းပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က အတင်းအကျပ်ဖိအားပေး ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ ဆန့်ကျင်တဲ့အနေနဲ့ ရွေးကောက်ပွဲလုပ်မဲ့ရက်မှာ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-ဟားခါး (CDF-Hakha) ဗဟိုကောင်စီက တိုက်တွန်းထားပါတယ်။
ဟားခါးမြို့တော် ပြည်သူလူထုအနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ မိမိတို့နေအိမ်တွေမှာ နေထိုင်ကြခြင်းဖြင့် အသံတိတ်သပိတ် ဆင်နွှဲကြဖို့ ထုတ်ပြန်အသိပေးထားတာပါ။
မြန်မာစစ်အုပ်စုကတော့ ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီးတော့ ရွေးကောက်ပွဲကို အဆင့် ၃ ဆင့်နဲ့ မဲပေးနိုင်ဖို့ စီစဉ်ထားပြီး ပြည်ပနိုင်ငံတွေက ကြိုတင်မဲပေးမှုတွေကို ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နဲ့ ဘန်ကောက်လို နေရာတွေက မြန်မာသံရုံးတွေမှာ ပြုလုပ်ခဲ့ပါတယ်။
လတ်တလောမှာတော့ စစ်အုပ်စုရွေးကောက်ပွဲရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသလို စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ကလည်း ရပ်ကွက်၊ ကျေးရွာအုပ်စု ၃,၀၀၀ နီးပါးမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ဘူးလို့ မကြာသေးခင်က ကြေညာထားခဲ့တာမို့ စစ်ကောင်စီအနေနဲ့ ပွင့်လင်းမြင်သာမှုပြသဖို့ ဖိအားတွေ ပိုများလာနေတာ ဖြစ်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ အသီးသီးက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ “လွတ်လပ်၊ တရားမျှတ၊ ဒါမှမဟုတ် အားလုံး ပါဝင်နိုင်မှာ မဟုတ်ဘူး” လို့ ပြောထားသလို ဒီရွေးကောက်ပွဲ အစီအစဉ်ကို ပယ်ချဖို့ နိုင်ငံတကာ အစိုးရတွေကိုလည်း တိုက်တွန်းထားပါတယ်။
လက်ရှိမှာလည်း မြန်မာနိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး မြန်မာစစ်တပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားတွေနဲ့ တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာဟာလည်း အကျဉ်းကျခံနေရဆဲ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေကလည်း အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်တုန်းကလည်း အတုအယောင် ရွေးကောက်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ နိုင်ငံတဝန်းမှာ အသံတိတ်သပိတ် လုပ်ဆောင်ခဲ့ကြပါတယ်။


