Home
မြန်မာသတင်း
ပြည်ပကြိုတင်မဲ အရေအတွက်ကို စစ်ကောင်စီ ထိမ်ချန်ထား
DVB
·
December 24, 2025

ပြည်ပရောက်မြန်မာတွေ ပေးခဲ့တဲ့ ကြိုတင်မဲတွေကို စစ်ကောင်စီသြဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်လက်ထဲ ရောက်ရှိခဲ့ပေမဲ့ အရေအတွက်ကို အသိပေး ထုတ်ပြန်တာ မရှိဘဲ ထိမ်ချန်ထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေဆီက ကြိုတင်မဲကို မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး အစရှိတဲ့ နိုင်ငံပေါင်း ၅၀ ကနေ ဒီဇင်ဘာလဆန်းမှာ လက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီကြိုတင်မဲတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ ဒီဇင်ဘာ ၁၈ ရက်မှာ လွှဲပြောင်း ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပေမဲ့ မဲအရေအတွက်ကို ဖော်ပြထားတာ မရှိပါဘူး။

အခုလို မဲစာရင်းထိမ်ချန်တာက မဲမသမာမှုလို့ အကြောင်းပြပြီး အာဏာသိမ်းတဲ့ စစ်အုပ်စုရဲ့ ပွင့်လင်းရိုးရှင်းမှု ရှိမနေတာကို ပေါ်လွင်စေတယ်လို့ တောင်ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားနေသူတယောက်က ပြောပါတယ်။

“စစ်ဗိုလ်ချုပ်တွေလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပွင့်လင်းတာမရှိခဲ့ဘူး။ အခု စစ်အုပ်စုလည်း အဲဒီအတိုင်းပဲ။ ကိုယ်တိုင်က မရိုးရှင်းဘဲ ပြည်သူက လိုလိုလားလား ပေးခဲ့ကြတဲ့ မဲကျတော့ လက်မခံဘူး။ အဲဒီလို စိတ်ဓာတ်ယုတ်မာတဲ့ စစ်တပ်ကို ပြည်သူတွေ ရွံမုန်းတာ မဆန်းဘူး။”

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အပေါ် အခြေခံကာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ပြည်ပက ကြိုတင်မဲ ၅,၀၀၀ လောက်ပဲ လက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံသား ၃ သန်းထက်မနည်းရှိတဲ့ ထိုင်းနိုင်ငံကနေ ကြိုတင်မဲ ၃၀၀ နီးပါးပဲ ရခဲ့တယ်လို့ သိရပါတယ်။

အရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှတ်တမ်းတွေမှာ ပြည်ပကြိုတင်မဲ လက်ခံရရှိမှု အနေနဲ့ စစ်အစိုးရက စီစဥ်ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၀,၀၀၀ နီးပါးနဲ့ အန်အယ်လ်ဒီအစိုးရရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ၁ သိန်းခွဲလောက် ရရှိခဲ့ပါတယ်။

အဲဒီမှတ်တမ်းတွေထက်ယှဥ်ရင် အခုရွေးကောက်ပွဲမှာ ပြည်ပကြိုတင်မဲက အဆမတန် လျော့နည်းသွားတာဖြစ်ပြီး အမှန်တကယ်ဆို ဒီလောက်တောင်ရှိမှာ မဟုတ်ဘူးလို့ ဂျပန်နိုင်ငံရောက် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေသူတယောက်က ပြောပါတယ်။

“ဒီလောက်ရတယ်ဆိုတာ သံရုံးတွေက မဲမသမာမှု လုပ်ပေးလို့ပဲ မြင်တယ်။ တကယ့်စိတ်ဆန္ဒနဲ့ ပေးတဲ့မဲ မဟုတ်ဘူး။”

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ နိုင်ငံ ၅၀ က မဲ ၅,၀၀၀ လောက်ရတာဖြစ်လို့ ပျမ်းမျှ ၁ နိုင်ငံကို မဲ ၁၀၀ နှုန်းရတဲ့သဘောရှိကာ ပြည်ပကြိုတင်မဲပေးမှု မှတ်တမ်းတွေအရ ဆယ်ဂဏန်းထက်ပိုတဲ့ မဲပေးတာမျိုး မတွေ့ရဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

အခုလောက် ကြိုတင်မဲရတာက ပတ်စ်ပို့သက်တမ်းတိုးဖို့နဲ့ ကောင်စစ်ဆိုင်ရာကိစ္စအတွက် ရောက်လာသူတွေကို ကြိုတင်မဲပေးခွင့် အကျပ်ကိုင်လျှောက်ခိုင်းပြီး မဲလာမပေးသူတွေကိုယ်စား စစ်ကောင်စီသံရုံးတွေက မဲပေးလိုက်တာကြောင့်လည်း ပါနိုင်တယ်လို့ ပြည်ပရောက် မြန်မာအသိုက်အဝန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာလည်း စစ်တပ်က မဲလိမ်မဲခိုး၊ မဲမသမာမှုတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး  သန်းခေါင်ယံ ကြိုတင်မဲတွေနဲ့  ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013