Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုက ရွေးကောက်ပွဲနီးချိန် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိုမိုဖိနှိပ်လာဟု AI ပြော
DVB
·
December 23, 2025

မြန်မာစစ်အုပ်စုက ဖိအားပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို နှိမ်နင်းမှုတွေ၊ မတရားဖမ်းဆီးမှုတွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က  ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ 

AI အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဂျိုးဖရီးမန်းက “ဒီစစ်ကောင်စီက စီစဉ်တဲ့ ရွေးကောက်ပွဲဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ်တွေမှာ မြန်မာနိုင်ငံရဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေနဲ့ သိသိသာသာ ကွာခြားပါတယ်။ ၂၀၁၅ ခုနှစ်ဟာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ ကာလတခုဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ မျှော်လင့်ချက်တွေ ပေးခဲ့ပေမဲ့ လက်ရှိကာလကတော့ မျှော်လင့်ချက်မဲ့တဲ့ ခေတ်ကာလတခု ဖြစ်လာနေပြီး စစ်ရာဇဝတ်မှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ စောင့်ကြည့်မှုတွေက နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတခု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်အာဏာပိုင်တွေက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကိုလည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဆိုပါဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက် စတင်မယ့် ပထမအဆင့် မဲပေးပွဲမတိုင်မီ သီတင်းပတ်တွေမှာ ဒီဥပဒေကို လက်နက်သဖွယ် အသုံးချပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ သဘောထား မှတ်ချက်တွေနဲ့ စာတိုတွေကိုပါ ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေကာ စစ်ကောင်စီ ထိန်းချုပ်မီဒီယာတွေရဲ့ အဆိုအရ ဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး “ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှု” နဲ့ လူပေါင်း အနည်းဆုံး ၂၂၉ ယောက် တရားစွဲခံထားရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာတော့ အနုပညာရှင်တွေနဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး စတစ်ကာတွေ လိုက်ကပ်သူတွေ ပါဝင်နေသလို ပြီးခဲ့တဲ့ စက်တင်ဘာလက ရှမ်းပြည်နယ်မှာ အမျိုးသားတယောက် ရွေးကောက်ပွဲကို ဝေဖန်လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပါတယ်။ 

ဒီဇင်ဘာလအစောပိုင်းမှာလည်း ရန်ကုန်အနီးမှာ အမျိုးသားတယောက်က မဲပေးပွဲကို ရှုတ်ချတဲ့ Facebook ပေါ်က စာတစောင်ကြောင့် အဖမ်းခံခဲ့ရပြီး နောက်တယောက်ကတော့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ကို ဖျက်ဆီးလို့ အဖမ်းခံခဲ့ရတယ်လို့ AI အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် IDP စစ်ရှောင်စခန်းတွေမှာလည်း အကူအညီတွေ ဖြတ်တောက်ခံရမယ်လို့ ခြိမ်းခြောက်ပြီး မဲပေးခိုင်းတဲ့ ဖိအားပေးမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အကြောင်းလည်း ဖော်ပြပါတယ်။

AI အဖွဲ့ရဲ့ သုတေသီ ဂျိုးဖရီးမန်းကတော့ လတ်တလောမှာ ပြည်သူအများအပြားဟာ ဒီရွေးကောက်ပွဲကို ဆန့်ကျင်နေကြပြီး အချိန် ၅ နှစ်ကြာ အရပ်သားတွေကို တရားမဝင် သတ်ဖြတ်နေသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ တရားမျှတမှုတွေကနေ ကင်းလွတ်ပြီး အာဏာတည်မြဲသွားမှာကို စိုးရိမ်နေကြတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။

AI အဖွဲ့အနေနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ဒီရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အာရုံစိုက်ဖို့နဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးကို ဦးစားပေးဆောင်ရွက်ဖို့ တောင်းဆိုလိုက်တဲ့အပြင် မြန်မာနိုင်ငံကို လေယာဉ်ဆီတင်ပို့မှုတွေ ရပ်ဆိုင်းဖို့နဲ့ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူတွေကို တရားစီရင်ရေးရှေ့မှောက် ပို့ဆောင်နိုင်ဖို့အတွက် ကြိုးပမ်းမှုတွေကို ပြန်လည်အာရုံစိုက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အနေနဲ့လည်း ဒီရွေးကောက်ပွဲအပြီးမှာ အရပ်သားခေါင်းဆောင်အဖြစ် ပုံဖော်နေတဲ့ မင်းအောင်လှိုင်နဲ့ တခြား စစ်ကောင်စီအရာရှိတွေကို ဖမ်းဝရမ်းထုတ်ပြန်ဖို့ AI အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

လတ်တလောမှာတော့ စစ်တပ်က တဖက်သတ်ကျင်းပမဲ့ ရွေးကောက်ပွဲကို တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ အသံတိတ်သပိတ် ဆင်နွှဲပြီး ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ကလည်း ဒီရွေးကောက်ပွဲက  နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိစေမဲ့အစား ဖိနှိပ်မှုတွေနဲ့ မတည်ငြိမ်မှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်တဲ့အကြောင်း သတိပေးထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013