
လာမဲ့ရွေးကောက်ပွဲအတွက် အပြီးသတ်မဲစာရင်းတွေကို ဒီဇင်ဘာ ၂၃ ရက်မှာ ကပ်ထားပြီဖြစ်ပြီး မဲစာရင်းတွေမှာ မပါဝင်သူတွေ၊ မှားယွင်းသူတွေ ရှိနေဆဲဖြစ်တယ်လို့ မဲစာရင်း သွားရောက်ကြည့်ရှုသူ တချို့က ပြောပါတယ်။
အပြီးသတ်မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာတွေမှာ ကပ်နေပြီဖြစ်ပြီး သွားရောက်စစ်ဆေးသူ တချို့လည်း ရှိပါတယ်။
ဒီလို သွားရောက်ကြည့်ရှုရာမှာ မဲစာရင်းအတွင်း မပါသူတွေနဲ့ မဲစာရင်းပါ အချက်အလက်တချို့ မှားယွင်းနေသူတွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
တပ်ကုန်းမြို့နယ်အတွင်း နေထိုင်သူတယောက်က “ဦးတို့ဆီက မနေ့က (ဒီဇင်ဘာ ၂၂) နေ့လယ်ပိုင်းတည်းက ကပ်နေတာ။ အိမ်မှာ ၅ ယောက်ရှိတာ ၂ ယောက်ပဲပါတယ်။ ပါတဲ့အထဲမှာလည်း တယောက်က အချက်အလက် မှားနေတယ်။ အရင်အကြိမ်တွေထဲက မပါလို့ သွားပြောထားတာ။ အခုလည်း မပါလာဘူး။ အခုလည်း ပြောတော့ ပြောထားတာပဲ။ ဘယ်လိုလုပ်ပေးမလဲ မသိဘူး” လို့ ပြောပါတယ်။
ရွေးကောက်ပွဲအပိုင်း ၁ မှာ ပါဝင်တဲ့ မြို့နယ်တွေအတွက် ဒီဇင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ဒီဇင်ဘာ ၂၆ ရက်ကနေ ရွေးကောက်ပွဲကျင်းပမဲ့ ဒီဇင်ဘာ ၂၈ ရက် မဲပေးခြင်း ပြီးဆုံးတဲ့အချိန်အထိ သက်ဆိုင်ရာ မဲရုံတွေမှာ ကပ်ထားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။
ပထမအကြိမ် မဲစာရင်းတွေကို စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂၀ ရက်အထိ ၂၁ ရက်ကြာ ကပ်ထားခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းတွေကိုတော့ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက်အထိ ၁၄ ရက်ကြာ ကပ်ထားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲစာရင်းမှားယွင်းတယ်ဆိုကာ အကြောင်းပြပြီး အာဏာသိမ်းခဲ့တာဖြစ်ပြီး လက်ရှိ စစ်ကောင်စီကိုယ်တိုင် စိတ်တိုင်းကျ စီစဉ် ကျင်းပမဲ့ ရွေးကောက်ပွဲစတင်ဖို့ ရက်ပိုင်းသာလိုတော့ပေမဲ့ မဲစာရင်းတွေ မှန်ကန်အောင် မလုပ်ဆောင်နိုင်သေးတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


