
ဩစတြေးလျအခြေစိုက် တိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး နာရီပိုင်းအတွင်းပဲ ဖယ်ရှား ပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ဒီဇင်ဘာ ၂၃ မှာထုတ်ပြန်ပါတယ်။
Justice For Myanmar က ဒဏ်ခတ်ပိတ်ဆို့မှု လိုက်နာရေးနဲ့ လူ့အခွင့်အရေး စိုးရိမ်မှုတွေကို ကုမ္ပဏီထံ စာရေးသားမေးမြန်းပြီးနောက် Kick က အရေးယူခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဖယ်ရှားခံရတဲ့ ချန်နယ်တွေထဲမှာ MRTV၊ MITV နဲ့ MRTV News အပါအဝင် စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာန ကြီးကြပ်ထုတ်လွှင့်နေတဲ့ ချန်နယ်တွေ ပါဝင်ပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့်ချန်နယ်တွေကို Twitch က ဖယ်ရှားခဲ့ပြီးနောက် Kick ကို ပြောင်းသုံးလာတဲ့ စစ်အုပ်စုအတွက်တော့ ဒီအရေးယူမှုဟာ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင် ဝါဒမှိုင်းနဲ့ သတင်းမှားတွေကို တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းကို ထပ်မံကန့်သတ်လိုက်တာဖြစ်တယ်လို့ Justice For Myanmar က ပြောပါတယ်။
စစ်ကောင်စီရဲ့ အွန်လိုင်းပေါ် ဝါဒဖြန့်ချိရာမှာ သုံးနေတဲ့ အကောင့်တွေကို Facebook၊ YouTube Twitch၊ နဲ့ MediaFire တို့ကနေလည်း ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် Amazon ကုမ္ပဏီပိုင် ဗွီဒီယိုပလက်ဖောင်း Twitch ဟာလည်း တိုက်ရိုက်ထုတ်လွှင့်နေတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) နဲ့ မြန်မာ့ရေဒီယိုလိုင်း ၁၄ ခုကို သူတို့ရဲ့ ဝက်ဘ်ဆိုက်နဲ့ Google၊ Apple App Store တွေမှာရှိတဲ့ သူတို့ရဲ့ မိုဘိုင်း Apps တွေကနေ ဖယ်ရှားခဲ့သလို MITV ဝက်ဘ်ဆိုက်မှာ တွဲထားတဲ့ MITV တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့ပါတယ်။
MITV၊ MRTV နဲ့ Myanmar Radio အားလုံးကို စစ်အုပ်စုရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်လုပ်ကိုင်ပြီး MRTV မြန်မာပရိသတ်တွေအတွက်၊ MITV က နိုင်ငံခြားပရိသတ်တွေ အတွက် ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်နေတာဖြစ်ပါတယ်။
MRTV ဝက်ဘ်ဆိုက်နဲ့ Apps တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ပေးခဲ့ပြီး Twitch အကောင့် ဖယ်ရှားခံရလို့ အကောင့်သစ်တွေနဲ့ တိုက်ရိုက် ရုပ်သံထုတ်လွှင့်နေခဲ့တာပါ။
Facebook ကလည်း MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး Alphabet က ပိုင်ဆိုင်တဲ့ YouTube ကလည်း စစ်အုပ်စု ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တခုကို ဖယ်ရှားခဲ့ပါတယ်။
Facebook နဲ့ ဖိုင်ထိန်းသိမ်းမျှဝေတဲ့ MediaFire ဝက်ဘ်ဆိုက်တို့ဟာ ရတနာပုံသတင်းစာရဲ့ အကောင့်တွေကို ဖျက်သိမ်းခဲ့ပြီး ဒီသတင်းစာကတော့ မြန်မာစစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ ဝါဒဖြန့်ချိရေးဌာနက ကြီးကြပ်ထုတ်ဝေတဲ့ မြဝတီသတင်းစာနဲ့ ဆက်နွှယ်တဲ့ ထုတ်ဝေရေးတခု ဖြစ်ပါတယ်။
Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ YouTube ကနေ MITV အကောင့်ကို ဖယ်ရှားဖို့ အခုအချိန်ထိ ငြင်းဆိုထားသလို Apple၊ TikTok၊ X (ယခင် Twitter)၊ Telegram၊ Cloudflare နဲ့ ApkPure တို့ဆီကိုလည်း စာတွေရေးသားပေးပို့ခဲ့ပေမဲ့ စစ်တပ်ဝါဒဖြန့်အကောင့်တွေကို အခုအချိန်အထိ မဖယ်ရှားသေးဘူးလို့ Justice For Myanmar က ဆိုပါတယ်။
မြန်မာစစ်အုပ်စုဟာ နိုင်ငံတော်ပိုင်မီဒီယာတွေနဲ့ ဝါဒဖြန့်ချိရေး ရုပ်သံလိုင်းတွေကို သုံးပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေ ဖြန့်ဝေတာ၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ သွေးထိုးလှုံ့ဆော်တာ၊ အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားတွေ ဖြန့်ဝေတဲ့ မကောင်းတဲ့ သမိုင်းမှတ်တမ်းအရှည်ကြီး ရှိထားတယ်လို့ Justice For Myanmar က ဆိုပါတယ်။
နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ ဖော်ထုတ်တွေ့ရှိထားတဲ့ စစ်အုပ်စု ဝါဒမှိုင်းဖြန့် အကောင့်တွေကို ဖြုတ်ချဖို့နဲ့ သူတို့ပလက်ဖောင်းတွေကို စစ်အုပ်စုသုံးနေတာကနေ ပိတ်ပင်ဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။
လက်ရှိမှာ စစ်တပ်ထောက်ခံသူတွေနဲ့ ဝါဒဖြန့်သူတွေဟာ Facebook အပြင် TikTok နဲ့ Telegram တို့ကို တွင်တွင်ကျယ်ကျယ် သုံးနေကြပြီး စစ်ကောင်စီကလည်း ဝါဒဖြန့် ယန္တရားအဖြစ် အသုံးပြုပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေကို ဖမ်းဆီးတာ လွတ်လပ်တဲ့ သတင်မီဒီယာတွေကို နှောင့်ယှက်တိုက်ခိုက်တာတွေ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။


