
ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံခြင်းမရှိသလို အသိအမှတ်ပြုမှာလည်း မဟုတ်တာကြောင့် ရွေးကောက်ပွဲကို သူတို့နယ်မြေတွေထဲမှာ လုပ်ဆောင်ခွင့်ပြုမှာမဟုတ်ဘူးလို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ မဲမပေးဖို့လိုသလို ပြည်သူတယောက်က ပေးလိုက်တဲ့ မဲတပြားဟာ အာဏာရှင်တော်လှန်ရေးအတွက် ထိခိုက်စေနိုင်တာကြောင့် မဲပေးဖို့အတွက် သေချာစဉ်းစားဖို့လိုတယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်ကတော့ သူတို့ထိန်းချုပ်နယ်မြေထဲမှာ ရွေးကောက်ပွဲကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချပြီး ရွေးကောက်ပွဲလုပ်မဲ့ သဘောမျိုးရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIA/KIO အနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီတာ၊ ထောက်ပံ့တာ ရွေးကောက် ပွဲဝင်ပြိုင်မဲ့သူတွေကို ဖမ်းဆီးအရေးယူတာတွေကို လုပ်ဆောင်ဖို့မရှိပေမဲ့ မြေပြင်မှာ တာဝန်ထမ်းဆောင်နေသူတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဖမ်းဆီး အရေးယူတာမျိုးတွေ မလုပ်ဆောင်ဘူးဆိုတာကို အာမ မခံနိုင်ဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ကချင်ပြည်နယ်မှာရှိတဲ့ ၁၈ မြို့နယ်လုံးမှာ ရွေးကောက် ပွဲကျင်းပဖို့ စစ်ကောင်စီက စီစဉ်ခဲ့ပေမဲ့ ဒီဇင်ဘာ ၅ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ တနိုင်း၊ ခေါင်လန်ဖူး၊ မိုးညှင်း၊ မြစ်ကြီးနား၊ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ရွေးကောက်ပွဲအပိုင်း ၁ နဲ့ အပိုင်း ၂ တွေကို ကျင်းပမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ပါတယ်။
အဲဒီနယ်မြေတွေဟာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် လုံလောက်တဲ့ လုံခြုံရေးကို စစ်တပ်ဘက်က မပေးနိုင်တဲ့အပြင် နယ်မြေအများစုမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့်လို့ ကချင်ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတာဝန်ရှိသူ တယောက်က ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
အောင်သူ


