စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲကို “တရားမဝင် ရွေးကောက်ပွဲ” အဖြစ် သတ်မှတ်ကြောင်း ကိုရီးယား အရပ်ဘက်အဖွဲ့တွေ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ကိုရီးယားရောက်မြန်မာတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းမှာ “မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်” က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ စစ်ကောင်စီ သံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိကြောင်း၊ စစ်တပ်က အာဏာဆက်လက်တည်မြဲဖို့အတွက် လှည့်ဖြားတဲ့ လုပ်ရပ်သာ ဖြစ်ကြောင်း၊ ပြည်သူများကို သတ်ဖြတ်ကာ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီးမှ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ပဋိပက္ခတွေကိုသာ ဖြစ်ပေါ်စေမှာဖြစ်ကြောင်း စတဲ့အကြောင်းတွေကို ထည့်သွင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို အာဏာမှ ချက်ချင်းဆင်းပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ကြသလို ကိုရီးယားအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့၊ ရွေးကောက်ပွဲအပြီးမှာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ရင်းနှီးမြှုပ်နှံတာတွေ တိုးမြှင့်ခြင်း မပြုလုပ်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲအပြီးမှာ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချမှုနဲ့ မြန်မာပြည်သူတွေအပေါ် ထောက်ခံအားပေးတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်စာကို စစ်အုပ်စုလက်အောက်ခံ မြန်မာသံရုံးကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။







