
ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ရေး တော်လှန်ရေး မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရ ဦးနေဘုန်းလတ်က ဇန်နဝါရီ ၆ ရက်က ပြည်သူလူထုထံ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာပြောပါတယ်။
မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီတိုင်းက လယ်ယာမြေတွေရဲ့ မြေဆီလွှာတွေ ပျက်စီးမှာဖြစ်သလို၊ မြစ်ရေစီးမမှန်တဲ့အတွက် ပင်လယ်ဆားငန်ရေတွေကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေဟာ စိုက်ပျိုးလို့ မရတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
စစ်ကိုင်းငလျင်ကြောနဲ့ နီးကပ်တဲ့အတွက် ဆည်ကျိုးပေါက်ခဲ့ရင်လည်း ကချင်ပြည်နယ်က မြို့ကြီးတွေဟာ ရေအောက်ရောက်ရှိသွားမယ့် အန္တရာယ်ရှိနေတယ်လို့လည်း ဆိုပါတယ်။
အခုလိုအချိန်မှာ စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို ပြန်စတာဟာ သူတို့ အာဏာတည်မြဲရေးအတွက် နိုင်ငံရဲ့ နှလုံးသားကို ထိုးကျွေးလိုက်သလို ဖြစ်နေတယ်လို့လည်း ပြောထားပါတယ်။
စစ်ကောင်စီဟာ တရားမဝင်အာဏာလု အဖွဲ့အစည်းသာ ဖြစ်တဲ့အတွက် သဘာဝသယံဇာတကို ရောင်းချပိုင်ခွင့် တရားဝင်စာချုပ်တွေ ချုပ်ဆိုခွင့်မရှိတဲ့အတွက် စစ်အုပ်စုနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာလည်း တရားမဝင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက ဆိုထားပါတယ်။
စစ်အုပ်စု ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ဒီဇင်ဘာ ၁၆ ရက် ကချင်ပြည်နယ်ခရီးစဥ်မှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ဆည်ရဲ့ ဒီဇိုင်းကို တရုတ်နဲ့ ညှိနှိုင်းနေပြီလို့ ပြောပါတယ်။
အဲဒီနောက် စစ်အုပ်စုခွင့်ပြုထားတဲ့ စီမံကိန်းတွေကို အထောက်အထားမခိုင်လုံဘဲ ကန့်ကွက်ရင် ကန့်ကွက်တဲ့ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ မြန်မာစစ်တပ် လက်အောက်ခံ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးကလည်း ခြိမ်းခြောက်ထုတ်ပြန်ထားပါတယ်။


