Home
မြန်မာသတင်း
မတ်လ တတိယပတ်အတွင်း လွှတ်တော်အစည်းအဝေး ခေါ်မည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
February 4, 2026

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲတွေ ကျင်းပပြီးသွားပြီဖြစ်လို့ လွှတ်တော် အစည်းအဝေးတွေကို မတ်လ တတိယပတ်အတွင်းမှာ ခေါ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော်မှာ ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူးကို လက်ခံတွေ့စဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပြောကြားလိုက်တာပါ။

ရွေးကောက်ပွဲတွေကို အပိုင်း ၃ ပိုင်းခွဲကာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရ သူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်၊ အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ၅၄ ဒသမ ၂၂ ရာခိုင်နှုန်း ရှိတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပေမဲ့ နိုင်ငံရေးပါတီတွေနဲ့ စောင့်ကြည့်လေ့လာသူတွေကတော့ ဒီအရေအတွက်ကို လက်မခံကြပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲမှာ ပါတီအလိုက် ရွေးကောက်ခံရတဲ့ ကိုယ်စားလှယ်အရေအတွက်အနေနဲ့ စစ်ယူနီဖောင်းချွတ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၇၃၉ ယောက်၊ အလားတူ စစ်ယူနီဖောင်းချွတ် အငြိမ်းစားတွေပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ၆၈ ယောက်နဲ့ ကိုယ်စားလှယ်ဦးရေ အများဆုံးနေရာ ရခဲ့ကြပါတယ်။

တခြား လူသိများတဲ့ ပါတီတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) က ၃၉ ယောက်၊ ပြည်သူ့ပါတီ (PP) က အယောက် ၃၀၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက အယောက် ၂၀ ရွေးကောက်ခံရတယ်လို့လည်း သိရပါတယ်။

စစ်တပ်က ကြီးကြပ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ ပါတီ ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီ ၆ ပါတီသာ ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ကြေညာထားပါတယ်။ 

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013