
ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ကာ အစိုးရအပြောင်းအလဲ မလုပ်ခင်မှာ စစ်ကောင်စီက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဆိုတဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်းကို ဖေဖော်ဝါရီ ၃ ရက်မှာ စစ်ခေါင်းဆောင်က လက်မှတ်ထိုး ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီဥပဒေကို ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ ဥပဒေပြဋ္ဌာန်း ရေးဆိုင်ရာကိစ္စရပ်တွေကို အကြံပေးတာ၊ ညှိနှိုင်းဆောင်ရွက်တာတွေ လုပ်နိုင်ဖို့အတွက် ကောင်စီကို ဖွဲ့စည်းရန် သမ္မတကို အခွင့်အာဏာအပ်နှင်း တာဝန်ပေးတယ်လို့ ဆိုထားပါတယ်။
သမ္မတက သင့်တော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၅ ယောက် ထက်မနည်းနဲ့ ကောင်စီကို ဖွဲ့စည်းရမှာ ဖြစ်ပြီး သမ္မတကပဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေ ကို ရွေးချယ်သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်အရ သိရပါတယ်။
ကောင်စီရဲ့ သက်တမ်းဟာလည်း နိုင်ငံတော်သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်သလို ကောင်စီရဲ့ ရုံးလုပ်ငန်းတွေအတွက် သမ္မတရုံးက စီစဉ်ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်း ပြဌာန်းထားပါတယ်။
ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။


