
အာဏာသိမ်းစစ်တပ်က အဓမ္မကျင်းပခဲ့တဲ့ ရွေးကောက်ပွဲက နိုင်ငံသားတွေရဲ့ အခြေခံလူ့အခွင့် အရေးတွေကို လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့သလို အဆိုပါလုပ်ငန်းစဉ်က အကြမ်းဖက်မှုနဲ့ လူမှုအဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲမှုတွေကိုသာ ပိုမိုဆိုးရွားစေခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရဆီကနေ စစ်တပ်က အာဏာလုယူပြီးနောက်မှာ မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ဝက်စာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ဆုံးရှုံးခဲ့ရပါတယ်။ စစ်တပ်က ကပြဖျော်ဖြေခဲ့တဲ့ မကြာသေးမီက ရွေးကောက်ပွဲကြောင့် မြန်မာပြည်သူတွေအပေါ် ကျရောက်နေတဲ့ နက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ မျှော်လင့်ချက်မဲ့မှုတွေဟာ ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။”
ဒါ့အပြင် လူအများအပြားဟာ ကြောက်ရွံ့မှုသက်သက်ကြောင့်သာ မဲပေးဖို့ ဒါမှမဟုတ် မဲမပေးဖို့ကို ရွေးချယ်ခဲ့ကြရတာဖြစ်ပြီး ဒါဟာ နိုင်ငံတကာက အာမခံထားတဲ့ သူတို့ရဲ့ အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးတွေနဲ့ လုံးဝဆန့်ကျင်နေသလို သူတို့ရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးတွေအပေါ်မှာလည်း အကျိုးဆက်တွေ သက်ရောက်စေတယ်လို့လည်း ပြောလိုက်ပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၁ ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က နိုင်ငံတဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့သလို အပိုင်း ၃ ကိုတော့ ဇန်နဝါရီ ၂၅ ရက်က ၆၃ မြို့နယ်မှာ ကျင်းပခဲ့တာပါ။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာတော့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရွေးကောက်ပွဲတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖျက်သိမ်းခံရပြီး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံထားရသလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရကာ လက်ရှိ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မသိရသေးပါဘူး။
လတ်တလောမှာတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် မတရားဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
“အခုဆိုရင် ၅ နှစ်ရှိပြီဖြစ်တဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှုဟာ နိုင်ငံရေး အတိုက်အခံတွေကို နှိပ်ကွပ်တာ၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးတာ၊ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ကျယ်ပြန့်တဲ့ စောင့်ကြည့်မှုတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ကန့်သတ်တာတွေ လုပ်ဆောင်နေပါတယ်။ အခုတော့ စစ်တပ်ဟာ ပြည်သူတွေကို မဲပုံးဆီ အတင်းအကျပ် တွန်းပို့ပြီးနောက်မှာ သူတို့ရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို အခိုင်အမာ တည်ဆောက်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါဟာ အရပ် သားအုပ်ချုပ်ရေးနဲ့ အလွန်ကို ဝေးကွာနေပါတယ်။”
ဒါ့အပြင် သူက စစ်တပ်က အာဏာလုယူမှုဟာ နိုင်ငံရဲ့ စီးပွားရေးကို ဆိုးရွားစွာ စီမံခန့်ခွဲမှုလွဲမှားခြင်းနဲ့အတူ ဖြစ်ပေါ်လာခဲ့ကြောင်း ပြောကြားခဲ့သလို မြန်မာလူဦးရေရဲ့ လေးပုံတပုံနီးပါးဟာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မလုံခြုံမှုနဲ့ ရင်ဆိုင်နေရပြီး သုံးပုံတပုံကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေကာ ဒီအခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာလိမ့်မယ်လို့ စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။
“ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်ဆောင်ကြဖို့ ကျနော် တောင်းဆိုပါတယ်။ မြန်မာပြည်သူတွေ ဆယ်စုနှစ်ဝက်စာ တောင်းဆိုလာခဲ့တဲ့အတိုင်း ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့နဲ့ လူ့အခွင့်အရေးအားလုံးကို လေးစားလိုက်နာဖို့ လမ်းကြောင်းသစ်တွေ ရှာဖွေရမယ့်အချိန် ရောက်ပါပြီ။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေအပြင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကတော့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲဖြစ်သလို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲက တရားမဝင်တဲ့ ရလဒ်တွေသာ ထွက်လာလိမ့်မယ်လို့ ပြောထားသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ရွေးကောက်ပွဲရလဒ်တွေနဲ့ နောက်ပိုင်း ပေါ်ပေါက်လာမဲ့ ဘယ်လို အာဏာခွဲဝေမှု အစီအစဉ်ကိုမဆို တရားမဝင်ကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့လည်း ပြောထားပါတယ်။


