
စစ်ကောင်စီကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာကြာပြီးနောက်မှာလည်း ပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ကာ ပြည်သူသန်းပေါင်းများစွာဟာ ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတယ်လို့ ဥရောပသမဂ္ဂ (အီးယူ)က ထုတ်ပြန်ပြောပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ ဇန်နဝါရီ ၃၁ ရက်ညမှာ ဥရောပသမဂ္ဂရဲ့ ကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်က ကြေညာချက်ထုတ်ပြန်တာဖြစ်ပြီး မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ဆက်ထောက်ပံ့သွားမယ်လို့ ကြေညာပါတယ်။
NLD အစိုးရလက်ထက်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကို ‘လွတ်လပ်ပြီး တရားမျှတတဲ့ နောက်ဆုံးရွေးကောက်ပွဲ’လို့ သုံးနှုန်းထားပြီး လတ်တလော အာဏာသိမ်း စစ်ကောင်စီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကိုတော့ လွတ်လပ်တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ် သုံးနှုန်း ဖော်ပြထားတာဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ အဆင့်မြင့်ကိုယ်စားလှယ်က “လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ရွေးကောက်ပွဲ လုပ်ဆောင်ပုံတွေကိုကြည့်ရင် ဒီဖြစ်စဉ်ဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတခုမှာ ရှိရမဲ့ အခြေခံအချက်တွေနဲ့ မကိုက်ညီဘူးဆိုတာ ရှင်းနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ယုံကြည်စိတ်ချရမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အားလုံးပါဝင်နိုင်မှုတွေ မရှိခဲ့တာကို တွေ့ရပါတယ်”လို့ ပြောပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းက လုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဖြစ်စဉ်တွေကို အနီးကပ် စောင့်ကြည့်ခဲ့တယ်လို့လည်းဆိုပါတယ်။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တခုဖြစ်အောင် ကတိကဝတ်ပြုဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အနှောင့်အယှက်မရှိ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဥရောပသမဂ္ဂရဲ့ အဆင့်မြင့်ကိုယ်စားလှယ်က “အခြေခံလွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ကန့်သတ်ထားတာတွေ၊ ကြောက်ရွံ့နေရတဲ့ ပတ်ဝန်းကျင်အခြေအနေတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျနော်တို့ ကန့်ကွက်ရှုံ့ချပါတယ်။ ပုံစံမျိုးစုံနဲ့ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအရ ဖမ်းဆီးခံထားရသူတွေ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကျနော်တို့ တောင်းဆိုပါတယ်”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ဆိုးဆိုးရွားရွား ဖြစ်နေဆဲဖြစ်ပြီး လူဦးရေ သိန်း ၁၆၀ ကျော်ဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေသလို နိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃၆ သိန်းကျော်၊ ဘေးကင်းလုံခြုံစေဖို့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေး တိမ်းရှောင်နေရသူလည်း အမြောက်အများရှိတယ်လို့ ဆိုပါတယ်။
အဆင့်မြင့်ကိုယ်စားလှယ်က “ဥရောပသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအတွက် ဖွံ့ဖြိုးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။ ဒီအကျပ်အတည်းကို တုံ့ပြန်ကူညီပေးနေတဲ့ အကြီးမားဆုံး အလှူရှင်တဦးအနေနဲ့ ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေဟာ ဒုက္ခရောက်နေသူတွေဆီကို လိုအပ်တဲ့အကူအညီတွေ ရောက်ရှိနိုင်မဲ့ ထိရောက်တဲ့နည်းလမ်းတွေကိုရှာဖွေပြီး ကူညီပေးသွားဖို့ ကတိပြုထားဆဲ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံ တည်ငြိမ်မှုလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် အဓိကကျတဲ့ စံနှုန်းတွေဖြစ်လို့ ဥရောပသမဂ္ဂက ဒါကို ဆက်ပြီး ထောက်ခံ အားပေးနေသလို ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရှိနေတယ်လို့လည်း ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ တခဲနက်ထောက်ခံမှုနဲ့ ရွေးကောက်တင်မြှောက်ခံရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အဓမ္မအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီး အကျဉ်းချထားတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၇၃၇၃ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၉၈၂၀ ယောက်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။


