
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူအားလုံး ပြန်လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ ဂျပန်နဲ့ နိုင်ငံတကာက တိုက်တွန်းတောင်းဆိုထားတဲ့ကြားက စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပခဲ့တဲ့အပေါ် စိုးရိမ်ဝမ်းနည်းကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၃၀ ရက် ဒီနေ့သဘောထားထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းယူမှုနောက်ပိုင်း ဂျပန်အပါအဝင် နိုင်ငံတကာအသိုက်အဝန်းက လက်ရှိ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို ပြန်လည်လွှတ်ပေးဖို့၊ သက်ဆိုင်သူတွေအကြား အလေးအနက်ထား တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခြင်းမှစတင်ကာ နိုင်ငံရေးဖြစ်စဉ် တိုးတက်မှုများ ဆောင်ရွက်ဖို့ ထပ်တလဲလဲ တောင်းဆိုခဲ့မဲ့ အကောင်အထည်မဖော်ခဲ့ဘဲ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ နောင်မှာလည်း နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုအရွေ့နဲ့ ဒီမိုကရေစီစနစ် ပြန်လည်သက်ဝင်လှုပ်ရှားလာစေရေး လုပ်ငန်းစဉ်တွေကို စောင့်ကြည့်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ပြန်လည်လွတ်မြောက်ရေး စတဲ့ အခြေအနေ တိုးတက်ကောင်းမွန်လာစေဖို့လည်း ဆက်လက် အားဖြည့် တိုက်တွန်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသော မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ပြည်သူ့ဘဝ မြှင့်တင်ရေးအတွက် အထောက်အပံ့တွေကို တိုက်ရိုက်အကျိုးရှိစေမယ့် ပုံစံနဲ့ တက်ကြွစွာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


