
အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်းအားလုံး ပြီးဆုံးသွားပြီး နောက်မှာတော့ စစ်တပ်ဩဇာခံ ကြံ့ခိုင်ရေးပါတီ တပါတီပဲ ကြီးစိုးတဲ့ တပါတီအာဏာရှင် စစ်အစိုးရအသစ်တရပ် မကြာခင် ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။
အာဆီယံအဖွဲ့အစည်းအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ မရှိသေးသရွေ့ အခုပြုလုပ်တဲ့ ရွေးကောက်ပွဲက ယုံကြည်ရလောက်တဲ့ ဖြေရှင်းချက် မဖြစ်နိုင်ကြောင်းကို အဖွဲ့ဝင်နိုင်ငံအများစုက လက်ခံထားဆဲဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်မှာ အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမဲ့ ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း မြန်မာ့နိုင်ငံရဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပေါ်ထွက်လာမဲ့ အစိုးရသစ်ဟာ အာဆီယံအတွက် စမ်းသပ်မှုတခုအနေနဲ့ ဖြစ်ခဲ့ပြီး လာမဲ့ ထိပ်သီးအစည်းအဝေးပွဲမှာတော့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်တွေကို မြင်တွေ့ရမှာဖြစ်ကြောင်း ရှေ့ပြေးအသံ Progressive Voice ရဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာက DVB ကို ပြောပါတယ်။
“နေပြည်တော်က အတုအယောင် အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံကိုယ်စားပြုနေရာ တကယ်ပဲ ပေးမှာလား။ ဒါဟာ အာဆီယံရဲ့ နိုင်ငံရေးရပ်တည်ချက် ဘယ်လောက်အထိ ခိုင်မာသလဲဆိုတာကို ပြသရမဲ့ အဓိကစမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ မလေးရှားက လမ်းခင်းပေးခဲ့သလိုမျိုး ဖိလစ်ပိုင်အနေနဲ့လည်း ဒီလမ်းကြောင်းအတိုင်း ဆက်သွားဖို့ လိုပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ ဖိလစ်ပိုင်အနေနဲ့ စစ်ကောင်စီရဲ့ နေ့ညမပြတ် တိုက်ခိုက်မှုကို ခံနေရတဲ့ ပြည်သူတွေကို လက်တွေ့ကျကျ ဘယ်လိုအကူအညီပေးမလဲ၊ နယ်စပ်ကနေတဆင့် အကူအညီတွေရောက်အောင် ဘယ်လိုပို့မလဲ၊ ဘယ်သူတွေနဲ့ လက်တွဲမလဲ၊ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ တရားဝင် ကိုယ်စားလှယ်တွေနဲ့ ဘယ်လိုထိတွေ့ဆက်ဆံပြီး တော်လှန်ရေး အင်အားစုတွေဘက်ကနေ ဘယ်လို ထိထိရောက်ရောက် ဝန်းရံပေးမလဲ၊ ဒါတွေက ကျမတို့ ဆက်ပြီး တိုက်ပွဲဝင်ရမဲ့ အချက်တွေပါပဲ။”
စစ်တပ်ကပြုလုပ်တဲ့ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှု မရှိတာကြောင့် ရွေးကောက်ပွဲရလဒ်ကို အာဆီယံက အသိအမှတ်ပြုမှာဟုတ်ကြောင်း ပြီးခဲ့တဲ့နှစ်ရဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က ပြတ်ပြတ်သားသား ထုတ်ဖော်ပြဆိုထားပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ် ကလည်း ယုံကြည်စိတ်ချရမှုမရှိတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမဲ့ ဘယ်လို အာဏာခွဲဝေမှု အစီအစဉ်ကိုမဆို တရားမဝင်ကြောင်း ပြတ်ပြတ်သားသား ငြင်းပယ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
တခြား အာဆီယံနိုင်ငံတွေနဲ့ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံကြီးတွေကတော့ ယုံကြည်မှုမရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြောင်း ပြောဆိုထားပါတယ်။
Sham Election Tracker ရဲ့ တာဝန်ရှိသူ ကိုပိုင်က “ရွေးကောက်ပွဲက ထွက်လာတဲ့ ရလဒ်တွေကို နိုင်ငံတကာ အသိုက်အဝန်းက အပြည့်အဝ အသိအမှတ်ပြုမှု ရနိုင်ခြေ အလွန်နည်းတယ်။ အကြောင်းတွေကို ပြန်ကြည့်ရင် နိုင်ငံတကာ အဖွဲ့အစည်း တော်တော်များများ နောက် ကုသလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေ၊ EU အပါအဝင် အနောက်နိုင်ငံ အများစုက အဖွဲ့အစည်းတွေက ဒီရွေးကောက်ပွဲ တရားဝင်မှု မရှိဘူး၊ လွတ်လပ်မှုမရှိဘူး၊ တရားမျှတမှု မရှိဘူး ဆိုတာ သုံးသပ်ထားပြီးသား ဖြစ်တယ်ပေါ့။ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ရေးအကြမ်းဖက်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ အတင်းအကျပ် ဖိအားပေး မဲပေးခိုင်းမှုတွေ ဒီလိုအခြေအနေတွေနဲ့ ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့ဆိုတာ တအားကို ခက်ခဲပါတယ်။ စစ်တပ်က ဖန်တီးထားတဲ့ အစိုးရအတုဟာ နိုင်ငံတကာမှာ အထီးကျန်တဲ့ အစုအဖွဲ့တခု အနေနဲ့ပဲ ရှိနေမယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အခုနှစ်မှာ ရရှိရမဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခွင့် လက်လွှတ်ခဲ့ရပါတယ်။
စစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုနဲ့ ပတ်သက်လို့ “နိုင်ငံခြားက အသိအမှတ်ပြုတာ မပြုတာ နားမလည်ဘူး” လို့ ရွေးကောက်ပွဲ နောက်ဆုံး အပိုင်းကျင်းပနေတဲ့ မန္တလေးက ချမ်းမြသာစည်ကမဲရုံတွေကို လိုက်ကြည့်ချိန်မှာ ပြောဆိုခဲ့ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို ဦးဆောင်ပြီး ဇန်နဝါရီ ၂၈ ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ကာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။
ဝေဝေ


