
အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း ၃ ခုစလုံး ပြီးစီးသွားခဲ့ပြီးနောက် လာမဲ့မတ်လမှာ လွှတ်တော်ခေါ်ယူကာ ဧပြီလထဲမှာ စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်တက်လာဖို့ရှိနေပါတယ်။
အာဏာရှင်ဦးဆောင်တဲ့ အစိုးရတွေဟာ အရပ်သားအစိုးရတွေထက်ကို အစိုးရသစ်ပုံဖော်ဖို့ အချိန်မြန်ဆန်လေ့ရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက မှတ်ချက်ပြုကြပါတယ်။
မကြာခင်မှာ အစိုးရသစ်တရပ် ပေါ်ပေါက်လာနိုင်ပေမဲ့ စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကြံ့ခိုင်ရေးပါတီ တခုတည်းကပဲ အသာစီးနဲ့ အနိုင်ရထားတဲ့ အခြေအနေမှာ အာဏာရှင်ဆန်ဆန် ဖိနှိပ်မှုတွေနဲ့ အကြမ်းဖက်မှုတွေက ရွေးကောက်ပွဲအလွန် ကာလတွေမှာ ပိုပြီး ဆိုးလာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုထင်ကျော်အေးက DVB ကို ပြောပါတယ်။
“လက်ရှိလုပ်ထားတဲ့ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ နိုင်ငံရေးအရ တရားဝင်မှု အပြည့်အဝရစရာ မရှိသလို တဖက်ကလည်း ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်လည်ရရှိဖို့ သူတို့လိုအပ်နေသေးတဲ့ အနေအထား ဖြစ်ပါတယ်။ ဆိုတော့ အဲဒီလို ကြိုးစားတဲ့နေရာမှာ လေကြောင်းတိုက်ခိုက်မှုတွေကစလို့ စစ်ကြောင်းထိုးတာတွေ အထိ ပိုပြီးတော့မှ အကြမ်းဖက်တာတွေ ဖြစ်နိုင်ပါတယ်။ အကြမ်းဖက်မှုတွေက ရွေးကောက်ပွဲအလွန်မှာ ပိုပြီးတော့ ဖြစ်လာနိုင်ပါတယ်။ နောက်တခုက ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေးအရ လမ်းကြောင်းတွေဟာ ပွင့်လင်းလာဖို့ မရှိပါဘူး။ နိုင်ငံရေးအရ စစ်အုပ်စုက ဆက်ပြီးတော့ ထိန်းချုပ်နေဦးမှာဖြစ်တဲ့အတွက် ဒီထက်ပိုပြီးတော့ ပွင့်လင်းလာစရာ မရှိပါဘူး။ အဲဒီထက် ပိုဆိုးတာကတော့ ရွေးကောက်ပွဲကာလကို ရည်ရွယ်ပြီးတော့မှ လူထုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပိတ်ပင်ထားတဲ့ ဥပဒေတွေက ပြဋ္ဌာန်းထားဆဲ ဖြစ်ပါတယ်။ ဒီဥပဒေတွေကလည်း ဆက်ပြီး တည်ရှိနေဦးမှာ ဖြစ်တဲ့အတွက် ဖိနှိပ်မှုယန္တရားတွေက လူထုအပေါ်မှာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။”
စစ်အာဏာသိမ်းထားတဲ့ ကာလတလျှောက်လုံးမှာ မြန်မာစီးပွားရေးဟာ အဘက်ဘက်က ကျဆင်းနေခဲ့ပေမဲ့ လာမဲ့ ကြံ့ခိုင်ရေးအစိုးရသစ်ရဲ့ စီမံခန့်ခွဲမှုနဲ့ပတ်သက်လို့ စီးပွားရေးဆိုင်ရာမူဝါဒ ပြုပြင်ပြောင်းလဲရေးတွေ မျှော်လင့်ထားကြောင်း စီးပွားကူးသန်းနဲ့ပတ်သက်လို့ စီမံအုပ်ချုပ်ရေး အတွေ့အကြုံရှိခဲ့ဖူးတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။
“စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးမဲ့နှစ် ပါတယ်ပေါ့။ ဒါက တကမ္ဘာလုံးရဲ့ စီးပွားရေးနဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်တာပေါ့။ မြန်မာနိုင်ငံမှာလည်း အစိုးရသစ် ပေါ်လာမယ်၊ အစိုးရသစ် တက်လာတိုင်း ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ရယ် ၂၀၁၆ ခုနှစ်ရယ် အတွေ့အကြုံအရဆို အစိုးရသစ်တက်တဲ့ နှစ်တိုင်း ရင်းနှီးမြုပ်နှံမှုက များများစားစား ဝင်လေ့မရှိဘူး။ ဒါပေမဲ့ ကံကောင်းတာတခုက USDP ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၁ မှာ အစိုးရလုပ်ခဲ့ဖူးတဲ့ သာဓက ရှိခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း စီးပွားရေးမူဝါဒနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ခဲ့တယ်၊ FDI လည်း အများကြီး ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့မှုလည်း အများကြီးလုပ်ခဲ့ပြီး ကုန်သွယ်မှုတွေလည်း တိုးတက်ခဲ့တယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိပေါ့။ တာဝန်ယူခဲ့တဲ့ အစိုးရက လုပ်နိုင်ခဲ့တာတွေက evidence base ပေါ့၊ တကယ့်ကို လုပ်ဆောင်နိုင်ခဲ့တဲ့ သက်သေပြချက်တွေ ရှိတဲ့အတွက်ကြောင့် အခုတက်လာမဲ့ အစိုးရသစ်နဲ့ ပတ်သက်လို့ အကောင်းဘက်ကို ပိုပြီး ရောက်သွားလိမ့်မယ်လို့ မျှော်လင့်တယ်။”
စစ်အာဏာသိမ်း ၅ နှစ်အတွင်း မြန်မာ့စီးပွားရေးတိုးတက်နှုန်း (Real GDP growth) က အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ရာခိုင်နှုန်းထိ သိသိသာသာ လျော့နည်းနေခဲ့ပြီး ငွေကြေးဖောင်းပွမှာကတော့ ၂၉ ဒသမ ၆ ရာခိုင်နှုန်းထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွေဟာလည်း ၅ နှစ်အတွင်း ဆက်တိုက်ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
ဝေဝေ


