
တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း၊ ဘယ်လာရုဇ်နိုင်ငံတို့က လွဲ၍ နိုင်ငံတကာအသိုက်အဝန်း၏ အသိအမှတ်ပြုခြင်းကို ပြည့်ပြည့်၀၀ မရခဲ့သည့် အပိုင်းသုံးပိုင်းခွဲ ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ ဇန်နဝါရီလ ၂၅ ရက်တွင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။
မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် စစ်ကော်မရှင်က လုံခြုံရေးအပြည့်အဝ ထိန်းချုပ်နိုင်သည့် မြို့နယ် ၂၆၃ ခုတွင်သာ ကျင်းပနိုင်ခဲ့သော ထိုရွေးကောက်ပွဲတွင် စစ်ခေါင်းဆောင်၏ အလိုကျ စစ်တပ်ကျောထောက် နောက်ခံရှိသည့် ကြံ့ခိုင်ရေးပါတီကသာ တပါတီတည်း အနိုင်ရရှိခဲ့သည်။
ယင်းအနိုင်ရလဒ်များ ထွက်ပေါ်လာပြီးသည့်နောက် မကြာမီအတွင်း လွှတ်တော်ခေါ်ယူပြီး ဧပြီလ၌ အစိုးရအသစ်ဖွဲ့မည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကော်မရှင်ပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုထားသည်။
စစ်ခေါင်းဆောင်က လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရအသစ်တစ်ရပ်ပြောင်းလဲရေးတို့ကို အခိုင်အမာ ပြောဆိုနေသည့် အခြေအနေသည် ၎င်းအနေဖြင့် နိုင်ငံရေးအဆင့်ဆင့်အတွက် ကြိုတင်ပြင်ဆင်ထားပြီးသား “ဝှက်ဖဲ” တချပ် ရှိနှင့်ပြီးဖြစ်ကြောင်းကို ပြသနေသကဲ့သို့ ဖြစ်သည်။
အကြောင်းမှာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးခင်ရီသည် ပါတီခေါင်းဆောင်တဦးအဖြစ် သမ္မတဖြစ်လိုကြောင်းကို ပီပီပြင်ပြင်မပြောရဲဘဲ စစ်ခေါင်းဆောင်၏ ရွေးချယ်မှုကိုသာ အာရုံစိုက်နေရခြင်း ဖြစ်သည်။ ယင်းအခြေအနေသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မတိုင်မီ DVB Debate တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တခုကို ပြန်လည်အမှတ်ရစေသည်။
ထိုအချိန်က NLD မှ ရွေးချယ်တင်မြှောက်မည့် သမ္မတ မည်သူမည်ဝါ ဖြစ်မည်နည်းဟု ကြံ့ခိုင်ရေးပါတီဝင်တဦးက ရင်ကော့ခေါင်းမော့မေးမြန်းခဲ့ရာ သမ္မတ ဦးဝင်းမြင့်က NLD သည် အာဏာရှင်ပါတီမဟုတ်ဘဲ စီအီးစီနှင့် စုပေါင်းဖွဲ့စည်းထားသည့် ပါတီဖြစ်သဖြင့် အချိန်တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်းကို “လင်းတ လောက်တော့ ငှက်တိုင်းလှပါသည်” ဟု ဥပမာပေး၍ ပြန်လည်ဖြေကြားခဲ့သည်။
ယနေ့အခါ တကျော့ပြန် နိုင်ငံရေးဝဋ်လည်သကဲ့သို့ ကြံ့ခိုင်ရေးပါတီသည် ယခင် ဆယ်နှစ်ကျော်ကကဲ့သို့ စစ်တပ်၏ အထောက်အပံ့ဖြင့် လွှတ်တော်အတွင်း အစိုးရဖွဲ့နိုင်သည့် အမတ်အရေအတွက် ရရှိသည့် တိုင်အောင် ပါတီဥက္ကဋ္ဌကိုယ်တိုင်ပင် သမ္မတလောင်းဖြစ်ကြောင်း မကြေညာရဲဘဲ စစ်ခေါင်းဆောင်က လွှတ်တော်အစည်းအဝေးသို့ ပေးပို့လာမည့် ချိတ်ပိတ် စာအိတ်အတိုင်း နောက်ထပ် ငါးနှစ်တာ နိုင်ငံရေးလမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းရမည့် အခြေအနေတွင် ရောက်ရှိနေသည်။
ယင်းအခြေအနေအောက်တွင်ပင် အသစ်ဖွဲ့စည်းလာမည့် အစိုးရအသစ်နှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် ရတက်မအေးသည့် ပြည်တွင်းရှိ အဖွဲ့အစည်းကြီးတခုလည်း ရှိနေကြောင်း တွေ့ရသည်။
ထိုအဖွဲ့ကြီးမှာ ခရိုနီကြီးများ၏ အစုအဖွဲ့ဖြစ်သည်။ ယင်းအတွင်း အဓိကအုပ်စုကြီးနှစ်ဖွဲ့မှာ တရုတ်နွယ်ဖွား စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်ကြပြီး ထိုအကြားတွင် စစ်ခေါင်းဆောင်၏ သား အောင်ပြည့်စုံနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် ကြားအုပ်စုကြီးတဖွဲ့မှာ ယခုအချိန်ထိ မပါဝင်သေးခြင်း ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “NLD ခေတ်တုန်းက သမ္မတဦးထင်ကျော် တက်လာတယ်။ သူသည် မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်တခုလိုပဲ။ ဒီမှာလည်း ရုပ်သေးသမ္မတ တင်မှာလား၊ ဒါမှမဟုတ် မင်းသားကြီးကိုယ်တိုင်ပဲ ပါဝင်ကပြမှာလား။ ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိသေးဘူး၊ မင်းသားကြီးက ကိုယ်တိုင်မကဘဲ ရုပ်သေးတင်မယ်၊ ကြိုးဆွဲမယ်။ သမ္မတကလည်း ကြိုးဆွဲရာအတိုင်းလေး ငြိမ်လို့နေမယ်ဆိုရင် ကျဆင်းနေတဲ့ စီးပွားရေးကို နာလန်ထူဖို့နေနေသာသာ ပြန်မြုပ်သွားဖို့များတယ်။ ဒီတော့ သမ္မတရဲ့ ရပ်တည်ချက်နဲ့မူဝါဒ ဘယ်လိုရှိမလဲ။ ဒါကို စိုးရိမ်မကင်းဖြစ်နေကြတာ အများစုက” ဟု ပြောကြားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ နောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေမှာ အလွန်အမင်း ချွတ်ခြုံကျသွားခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် စစ်ကော်မရှင်၏ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံပိုင် နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူခဲ့သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်ထုတ် ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယင်းသည် ၂၀၁၉ ခုနှစ်အခြေအနေထက် ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်တွင်လည်း မြန်မာ့စီးပွားရေးသည် နိုင်ငံတွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် စီးပွားရေးလှုပ်ရှားမှု တုံ့ဆိုင်းနေခြင်းတို့ကြောင့် ပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပြီး အနာဂတ်ကာလအတွက် စီးပွားရေးအလားအလာ မျှော်လင့်ချက် ကင်းမဲ့နေဆဲ ဖြစ်ခဲ့သည်။
အထူးသဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းခဲ့ခြင်းနှင့် ကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းခဲ့ခြင်းတို့၏ သက်ရောက်မှုကို လူထုက အလူးအလဲ ခံစားခဲ့ရသည်။ သို့သော် ၂၀၂၅ ခုနှစ် အောက်တိုဘာလအရောက်တွင် ငလျင်အပြီး ဈေးကွက်ထဲ ငွေကြေးနှင့် အလုပ်အကိုင်အခွင့်အလမ်းထည့်သွင်းခဲ့သည့် တည်ဆောက်ရေးနှင့်ပြန်လည်ထူထောင်ရေးကြောင့် သိသိသာသာ ထိုးကျခဲ့သည့် မြန်မာကျပ်ငွေတန်ဖိုးသည် ဖြည်းဖြည်းမှန်မှန် ပြန်လည်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ဘဏ်ကပင် မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူလာနိုင်မည့် ကနဦးလက္ခဏာများကို တွေ့ရကြောင်း ရုတ်တရက် ထုတ်ပြန်ခဲ့ခြင်းကို အံ့သြဖွယ် မြင်တွေ့ရသည်။
ရွေးကောက်ပွဲအလွန်ရလဒ်က "ပြည်သူ့အကျိုးစီးပွားလား" "ခရိုနီအကျိုးစီးပွားလား"
အပြည်ပြည်ဆိုင်ရာ ပိတ်ဆို့မှုများကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေသည့် ထိုကာလများအတွင်း နော်ဝေးအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော(ယခု Atom) ၏ မြန်မာနိုင်ငံ လုပ်ငန်းများကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော်နှင့် အစုအဖွဲ့က လည်းကောင်း၊ ကာတာအခြေစိုက် အော်ရီဒူး(ယခု U9) ကုမ္ပဏီ၏ မြန်မာနိုင်ငံလုပ်ငန်းများကို ဒေါ်လာ ၅၇၆ သန်းဖြင့် ကျော်သောင်း မျိုးဆက်မှ ဂျော်နသန် ကျော်သောင်းနှင့် အစုအဖွဲ့က လည်းကောင်း လက်လွှဲရယူထားကြပြီးဖြစ်သည်။
ထို့အပြင် နိုင်ငံတကာအနေဖြင့် မြန်မာစစ်ကော်မရှင်ထံ လေယာဉ်ဆီမရရှိရေး ကျားကုတ်ကျားခဲပိတ်ဆို့ နေသည့်အခြေအနေကြားတွင် တရုတ်၊ ရုရှား အပါအဝင် စစ်ကော်မရှင်ထောက်ခံနိုင်ငံများနှင့် ခရိုနီကြီးများသည် လက်တွဲညီစွာဖြင့် ထိုအတားအဆီးများကို စစ်ကောင်စီကို အသက်ဆက်ပေးခဲ့ကြသည်။
စီးပွားရေးလုပ်ငန်းရှင်တဦးက “ထိပ်တန်းခရီုကြီးတွေ၊ နောက်ကွယ်က လူမသိသူမသိ ခရိုနီကြီးတွေဟာ စစ်ကောင်စီကို အမျိုးမျိုး ထောက်ပံ့ပေးနေကြတယ်။ ဒါက သူတို့ရဲ့ စွန့်စားရင်းနှီးမြှုပ်နှံမှုပဲ” ဟု ပြောသည်။
မကြာမီရက်ပိုင်းကလည်း မြန်မာစစ်အုပ်စုနှင့် နက်ရှိုင်းသည့် ဆက်ဆံရေးရှိသူ ကမ္ဘောဇဘဏ် (KBZ) သူဌေးကြီး ဦးအောင်ကိုဝင်း၊ ဧရာဝတီဘဏ် (AYA) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် U9 ပိုင်ရှင် ဂျော်နသန်ကျော်သောင်းတို့၏ ထိုင်းခရီးစဉ်၊ ဗြိတိန်ခရီးစဉ်များကို စစ်တပ်နှင့် ဆက်နွှယ်သူများအား ဖော်ထုတ်ဆန့်ကျင်နေသည့် Fncc Burma Fact Check Community က ဝေဖန်ထားသည်။
အထက်ပါခရိုနီသူဋ္ဌေးများများနှင့် နီးစပ်သည့်လုပ်ငန်းရှင်တဦးက “ခရိုနီကြီးတွေက ခေတ်အဆက်ဆက် ဖြတ်သန်းလာကြသူတွေ၊ သူတို့က နပ်ပြီးသား။ အစိုးရသစ်ကာလမှာ အရှိန်အဟုန်နဲ့ ဝင်ကစားလာမယ်” လို့ ကောက်ချက်ချသည်။
တရုတ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က စစ်ခေါင်းဆောင်၏ မြန်မာ့ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် ခိုင်ခိုင်မာမာရပ်တည်မည့်အကြောင်း ဇန်နဝါရီ ၂၆ ရက် ဘေဂျင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့ကြောင့် မြစ်ဆုံအပါအဝင် တရုတ်စီမံကိန်းကြီးများ မကြာမီ အသက်ဝင်လာရန်ရှိနေပြီး ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းလည်း ပြန်လည်အသက်သွင်းရန် အခြေအနေရှိနေသည်ဟု ခရိုနီသူဌေးကြီးများနှင့် နီးစပ်သူတဦးက သုံးသပ်သည်။
ယင်းနီးစပ်သူမှာ စစ်ကော်မရှင်အုပ်ချုပ်သည့် ငါးနှစ်အတွင်း စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုအခြေအနေသည် ထိုးဆင်းနေပြီး နောင် ၅ နှစ်သည် ပိုမိုကောင်းမွန်လာမည့် အနာဂတ်တခု ဖြစ်လာလိမ့်မည်ဟုလည်း ခန့်မှန်းနေသူလည်း ဖြစ်သည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်စာကတည်းက မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကိုကြည့်ရင် အမေရိကန်၊ ဥရောပထက် တရုတ်၊ ထိုင်း၊ ကိုရီးယား၊ စင်ကာပူ စတာတွေက အများဆုံးဖြစ်နေတဲ့ အမှန်တရားကို မေ့ထားလို့မရပါဘူး။ တရုတ်က မြစ်ဆုံအပါအဝင် ရင်းနှီးမြှုပ်နှံမှုကို တွန်းလုပ်လာဖို့ များနေတယ်ဆိုတာကို တရုတ်သံအမတ်ကြီး မာကျားရဲ့ နေပြည်တော် ခပ်စိပ်စိပ်ခရီးစဉ်တွေက ထင်သာနေတယ်။ နောက်ပြီး ဂျပန်က တုံ့ဆိုင်းထားတဲ့ သူ့ရဲ့ သီလဝါဆိပ်ကမ်းကလည်း အရှိန်တင်ဖို့ ကြိုးစားနေတယ်။ သန်လျင်တံတား ၂ က သက်သေပဲ။ ရွေးကောက်ခံအစိုးရနဲ့ လုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့သွားကြမှာ” ဟု ၎င်းကဆက်ပြောသည်။
နေပြည်တော်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ခရိုနီကြီးများ ခြေရှုပ်လျက်ရှိကြရာ အထူးသဖြင့် လတ်တလော ကိုကိုးကျွန်းတွင် အနိုင်ရထားသည့် ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ် ဝန်ကြီးချုပ် ဦးညိုစောနှင့် သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းတို့နှင့် တွေ့ဆုံနေကြခြင်း အကြိမ်ရေမှာ အများဆုံးဖြစ်ကြကြောင်း သိရသည်။
ခရိုနီလုပ်ငန်းရှင်များထဲ နာမည်ကြီးနေသည့် စီမံကိန်းတခုမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲရှိ Eco Green City မြို့ပြ စီမံကိန်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်လက်ထက် ခွင့်ပြုပေးခဲ့သည့် ကြီးမားသည့် အိမ်ရာစီမံကိန်းသည် ဦးသိန်းစိန်အစိုးရဆင်းရန် ငါးရက်အလို ၂ဝ၁၆ ခုနှစ် မတ်လ ၂၅ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Company တို့ စာချုပ်ဆိုခဲ့ပြီး NLD အစိုးရလက်ထက်က ပန္နက်ချခဲ့သေးသည်။
အာဏာသိမ်းပြီးနောက် ရပ်နားထားသည့် ရန်ကုန်မြို့လယ် မီးရထားဝင်းထဲရှိ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်တန် ဟိုတယ်၊ ဈေးဝယ်စင်တာနှင့် အဆင့်မြင့်အိမ်ရာ တည်ဆောက်ရေးစီမံကိန်းသည်လည်း ပြန်လည် စတင်ရန် စိုင်းပြင်းလျက်ရှိသည်။
ကုန်သည်ကြီးများ အသင်း (UMFCCI) မှ တာဝန်ရှိသူတဦးက “အဲ့ဟာတွေအကုန်လုံး နောက်အစိုးရသစ်လက်ထက်မှာ တပြိုင်တည်း စလာပြီဆို ရင် စီးပွားရေးက ခုထက်ပို ကောင်းသွားမယ်” ဟု ပြောသည်။
ထို့ပြင် စစ်ကိုင်းမြေငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် ရိုက်ခတ်မှုဒဏ်ကိုခံရသည့် နေပြည်တော်တွင် သုခတော်ဝင်အိမ်ရာ မျက်နှာချင်းဆိုင် နေပြည်တော်မြို့မဈေးအနီး လေးခန်းတွဲ အဆင့်မြင့်အိမ်ရာစီမံကိန်းကို ယခင် မအူပင်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီလွှတ်တော်အမတ်ဟောင်း အေဝမ်း(A1)ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ဦးရန်ဝင်း ကလည်း ဆောက်လုပ်လျက်ရှိသည်။
ထို့အတူ မြေဧက ၄၀ ခန့် အကျယ်အဝန်းရှိသည့် အဆင့်မြင့်အိမ်ရာကို စီမံကိန်း သုံးခု အကောင်အထည်ဖော် တည်ဆောက်ရန် စစ်ကော်မရှင်လက်အောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီကလည်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူထားရာ ယင်းစီမံကိန်းများကို ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စတင်တည်ဆောက်ဖွယ်ရှိကြောင်း စစ်တပ်အားပေး သတင်းဌာနများက ဖော်ပြထားသည်။
စစ်ကော်မရှင်အနေဖြင့် ပြည်တွင်းက ၎င်းတို့ ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ရေးပါတီဝင်များ၊ အမတ်များ တဖြစ်လည်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်သူများကို နေရာပေးထားပြီး စစ်ဘက်ဆိုင်ရာအနွယ်ဝင် လုပ်ငန်းရှင်အချို့ကိုလည်း စစ်ခေါင်းဆောင်၏ သားဖြစ်သူနှင့် စီးပွားရေးအကျိုးတူပုံဖော်စေ ရန်လုပ်ပိုင်ခွင့် လုပ်ကွက်များကို ခွင့်ပြုထားပြီးဖြစ်သည်။
ထို့အပြင် မြန်မာသယံဇာတကို မှောက်ချည်လှန်ချည် စိတ်ကြိုက်ကစားနေသည့် စစ်ကော်မရှင်က တရုတ်အလိုကျ ထိုးကျွေးနေသည်ကို အများပြည်သူအသိပင်ဖြစ်သည်။
တရုတ်အလိုကျစီမံနေပြီး မြန်မာပြည်ဖွား တရုတ်အနွယ်ဝင်များ၊ ပြည်တွင်း၌နေထိုင်နေသည့် မြန်မာနိုင်ငံသား အသွင်ယူ တရုတ်နိုင်ငံသားများကိုလည်း နေရာပေးထားသည့်တိုင် တရုတ်-မြန်မာစီမံကိန်းများကိုလည်း စဉ်ဆက်မပြတ် အကောင်ထည်ဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
တရုတ်နိုင်ငံဘက်ကလည်း ပိုးလမ်းမစီမံကိန်းကို အကောင်ထည်ဖော်နေသလို မြန်မာနှင့် ဆက်ဆံမည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်းများကိုလည်း စောလျင်စွာစတင်ရန် တရုတ်ဘက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိအားပေးတိုက်တွန်းထားသည်။
ထို့ကြောင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလကုန်ပိုင်းမှာ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) များ အမြန်ဆုံး အကောင်အထည်ဖော်ရန် နှစ်ဖက်အတည်ပြုခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများအား ဖြေကြားခဲ့သည့်အပေါ် စီးပွားရေးပညာရှင်အချို့က ရွေးကောက်ပွဲအလွန်ကာလတွင် ဖော်ဆောင်လိမ့်မည်ဟု တွက်ဆထားကြသည်။
မကြာသေးခင်အချိန်ကလည်း တရုတ်အလိုကျ မြစ်ဆုံစီမံကိန်းကို အကောင်ထည်ဖော်ရန် စစ်ကော်မရှင်အနေဖြင့် ကန့်ကွက်သူမြောက်မြားစွာကြားကနေ မဖြစ်ဖြစ်အောင်လုပ်ဆောင်ရန် အားသွန်ခွန်စိုက်ဖြင့် ခြေလှမ်းစတင်နေပြီဖြစ်သည်။
အမည်မဖော်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်တဦးက “မြစ်ဆုံတည်ဆောက်ရေးလာတော့မယ်။ အေးရှားဝေါလ်က အရင်က ရထားသူလေ။ တရုတ်နွယ်ဖွားတွေ အကုန်ခြေလှမ်းစိပ်နေကြတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲအခင်းအကျင်း၌ ပြည်တွင်း သမာအာဇီဝ လုပ်ငန်းရှင်ကြီးများအပါအဝင် အခြေခံကျသည့် လူမှုစီးပွားရေးအတွက် အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက နိုင်ငံအခြေအနေကြောင့် အိတ်ပေါက်နှင့် ဖားကောက်သကဲ့သို့ ညည်းတွားနေချိန် တဖက်တွင် စစ်ကော်မရှင်အလိုကျ ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးများမှာမူ အပြုံးမပျက် လုပ်ငန်းများ ချဲ့ထွင်နေကြဆဲဖြစ်သည်။
အပေါ်ယံအမြင်ဖြင့် ကြည့်မည်ဆိုလျှင် စစ်ကော်မရှင်အနေဖြင့် ယမန်နှစ် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက လူစည်ကားရာ လှည်းတန်း၊ ရန်ကင်း၊ တာမွေ၊ စမ်းချောင်း စသည့်မြို့နယ်များရှိ ဈေးဆိုင်များ၊ လမ်းဘေးဈေးဆိုင်များအပြင် အဖီထိုးဆောက်ထားသည့် ဆိုင်ခန်းများကို စီမံချက်ဖြင့် ရုတ်တရက် ဖျက်သိမ်းခိုင်းခြင်း၊ မြေတူးစက်ဖြင့် ဖြိုဖျက်ခြင်းများ လုပ်ဆောင်ခဲ့သည်။
ထို့နောက် ရွေးကောက်ပွဲအပိုင်းလိုက် ကျင်းပသည့်ကာလတွင်လည်း ကျင်းပမည့်မြို့နယ်များရှိ လမ်းဘေးဈေးဆိုင်များ၊ တိုက်ခန်းတွဲလျက်ဖွင့်ထားသည့် ဆိုင်ကြီးများကို ငါးရက်တာ ပိတ်ခိုင်းခဲ့သည်။
အများပြည်သူအချို့က လမ်းဘေးဈေးဆိုင်များ၏ ကျူးကျော်မှုကြောင့် စစ်ကော်မရှင်၏ ထိုလုပ်ရပ်ကို ထောက်ခံကြသလို အချို့မှာ သမာအာဇီဝဈေးရောင်းချသူများကို စာနာသူများလည်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ စစ်ကော်မရှင်လက်အောက်ခံ စည်ပင်သာယာရေးကော်မတီက တဖက်လှည့်ဖြင့် ခွင့်ပြုထားခြင်းကြောင့် ဖွင့်လှစ်ထားရသည့် နင်းပြားဈေးဆိုင်ခန်းများမှာ အမိန့်အာဏာကို မလွန်ဆန်နိုင်ဘဲ ၎င်းတို့၏ စီးပွားရေးကျပ်တည်းမှုများကိုသာ ခါးစည်းရင်ဆိုင်နေကြရသည်။
အမှန်စင်စစ် ယင်းကဲ့သို့ အခြေခံလူမှုစီးပွားရေးလုပ်ကိုင်သူများ၏ စည်းကျော်၊ ဘောင်ကျော်မှုကိစ္စ အသေးအမွှားများကို လက်ညှိုးငေါက်ငေါက်ထိုးနေသူများသည် အများပြည်သူ၏နောက်ကွယ်တွင် မြန်မာပြည်တွင်း သယံဇာတများကို ကုပ်သွေးစုပ် ခြယ်လှယ်နေသည့် ခရိုနီစီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ စီမံကိန်းပရောဂျက်များပြီးသွားတိုင်း ဘီလီယံနှင့်ချီ အကျိုးအမြတ်များရရှိနေမှုများကို သတိမမူနိုင်ဖြစ်နေသည်။
တဖက်တွင်လည်း ခရိုနီလုပ်ငန်းရှင်များမဟုတ်သည့် သမာအာဇီဝလမ်းကြောင်းဖြင့် သွားနေသည့် လုပ်ငန်းရှင်ကြီးများမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး၊ ရွှေဈေး အဆမတန်ထိုးတက်နေမှုကြောင့် အချို့မှာ ရသလောက်တောင့်ခံထားရသော်လည်း အချို့မှာ အကြွေးထူ၊ မရပ်တည်နိုင်တော့ဘဲ ဝန်ထမ်းများအား လစာမပေးနိုင်တော့သည့်အထိ မွဲပြာသူများလည်း ရှိနေသည်။
ထိုသို့ ကျပ်တည်းမှုများကို ရင်ဆိုင်နေရချိန် စစ်ကော်မရှင်ဘက်က စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းပြီးသည့်နောက် ပုဂ္ဂလိကဝန်ထမ်းများ အပါအဝင်နိုင်ငံတွင်းရှိ လူငယ်အများစုမှာ ပြည်ပသို့ ထွက်ခွာသွားမှုများ ခပ်စိပ်စိပ်ရှိလာပြီး ပြည်တွင်းလုပ်သား လူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှု များလာသည်။
ထိုကဲ့သို့ မြန်မာ့စီးပွားရေးအနေအထားတွင် အခြေခံကျသည့် လူမှုစီးပွားရေးများက ဖိနှိပ်ခံနေရသော်လည်း တဖက်တွင်မူ ရွေးကောက်ပွဲအလွန်ကာလ၌ စစ်ကော်မရှင် နှင့် ပူးကပ်နေသည့် ခရိုနီလုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းများချဲ့ထွင်ရန် ဟန်ရေးတပြင်ပြင် ဖြစ်နေကြလေသည်။
စစ်မှုထမ်းဥပဒေကြောင့် အခက်တွေ့နေရသည့်ကြားက လက်ရှိ ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၁၀၀ ကျော်အထိ မြင့်တက်သွားမှုကြောင့် အများပြည်သူ ဝေဖန်မှုများနှင့်အတူ အခြား ကုန်စည်ဈေးများ တက်လာလေမည်လားဟုလည်း ညည်းတွားနေကြ သည်ကို တွေ့ရသည်။
ငွေကြေးဖောင်းပွမှုများ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုများ၊ ရွှေဈေး၊ ဒေါ်လာဈေးကွက်များ ပရမ်းပတာဖြစ်နေပြီး ပြည်သူ့အကျိုးစီးပွားရေးပိုင်းက ဆုတ်ယုတ်နေသော်လည်း ခရိုနီကြီးများအပြင် အခြား ခွေးတိုးပေါက် (အရပ်အခေါ်) မှ ဝင်ရန်ချောင်းနေသည့် လုပ်ငန်းရှင်အချို့ကလည်း ရွေးကောက်ပွဲအလွန်တွင် စစ်ကော်မရှင် ကြိုးဆွဲရာ အစိုးရသစ်တရပ်ဖြစ်လာမည့် ကြံ့ခိုင်ရေးပါတီနှင့်လက်တွဲလုပ်ရန် ယခုကတည်းက ပြင်ဆင်နေကြပြီဖြစ်သည်။
ရန်ကုန်မြို့ရှိ နာမည်ကြီးစား သောက်ကုန်လုပ်ငန်းရှင်တဦးက “ရွေးကောက်ပွဲပြီးရင် ဘာမှ ကြီးကြီးမားမား မျှော်လင့်စရာမရှိဘူး။ ကုန်ဈေးနှုန်းတက်ဖို့ပဲရှိမယ်။ အခုက အကုန်လုံး နိုင်ငံခြားထွက်ကုန်ပြီ။ မင်းအောင်လှိုင်က သူတို့အာဏာတည်မြဲဖို့အတွက် ခရိုနီတွေနဲ့ လက်ဝါးချင်းရိုက်၊ ပုလင်းတူ ဘူးဆို့ လုပ်နေကြတယ်။ သူတို့အတွက် စီးပွားရေးက အကျိုးဖြစ်လာမှာပေါ့။ ကျနော်တို့ပဲ ဆိုင်ခန်းခ၊ ဝန်ထမ်းခ စရိတ်တွေ အလျင်မီအောင် ရှာဖွေနေရ အကြွေးနွံနစ် ဖြစ်နေတာ” ဟု ပြောသည်။
ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတွင် မေးခွန်းမဟုတ်တော့သည့် အချက်တချက်မှာ ရွေးကောက်ပွဲရှိ၊ မရှိ မဟုတ်ဘဲ ဆုံးဖြတ်သူသည် မည်သူနည်းဆိုသည့် မေးခွန်းပင် ဖြစ်သည်။ ချိတ်ပိတ်စာအိတ်တစောင်၊ စစ်တပ်၏ အဆုံးအဖြတ်နှင့် ခရိုနီအစုအဖွဲ့ကြီးများ၏ အကျိုးစီးပွားညှိနှိုင်းမှုများကြားတွင် အစိုးရတရပ် ဖွဲ့စည်း လာမည်ဆိုပါက ယင်းအစိုးရ၏ အာဏာအရင်းအမြစ်သည် ပြည်သူထံမှ မဟုတ်ကြောင်း ထပ်မံ သက်သေပြနေသည့် စီးပွားရေးဆန်သော နိုင်ငံရေးပြဇာတ်တပုဒ်အဖြစ်သာ မြင်တွေ့ရမည် ဖြစ်သည်။
ညိမ်း


