Home
မြန်မာသတင်း
စစ်ကောင်စီက မြို့နယ် ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ထပ်မံသတ်မှတ်
DVB
·
January 30, 2026

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ မအုပ်ချုပ်နိုင်သေးတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာကြောင်း ဇန်နဝါရီ ၂၉ ရက်မှာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့နယ်တွေကို ကြေညာခဲ့တဲ့ အရေးပေါ်အခြေအနေအတိုင်း အခုလည်း ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၁/၂၀၂၆ နဲ့ ဇန်နဝါရီ ၂၉ ရက်ကစပြီး နောက်ထပ် ရက်ပေါင်း ၉၀ အထိဖြစ်ကြောင်း ထပ်မံကြေညာလိုက်တာ ဖြစ်ပါတယ်။

အခုလို အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးနဲ့ ဆက်လက်အုပ်ချုပ်သွားမှာဖြစ်ကြောင်းကိုလည်း တဆက်တည်း ကြေညာခဲ့ပါတယ်။

အရေးပေါ်အခြေအနေ ကြေညာပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ထားတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ်တွေမှာ မန္တလေးတိုင်းမှာ မိုးကုတ် အပါအဝင် ၃ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ထီးချိုင့်၊ ကောလင်းမြို့နယ် အပါအဝင် မြို့နယ် ၉ မြို့နယ်၊ မကွေးတိုင်းမှာ ပေါက်၊ မြိုင်မြို့နယ် အပါအဝင် ၅ မြို့နယ်၊ ရှမ်းပြည်နယ်မှာ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ် အပါအဝင် ၁၅ မြို့နယ်၊ ကချင်ပြည်နယ်မှာ ရွှေကူ၊ ချီဖွေမြို့နယ် အပါအဝင် ၅ မြို့နယ်၊ ချင်းပြည်နယ်မှာ ကန်ပက်လက်၊ ထန်တလန်မြို့နယ် အပါအဝင် ၇ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ ရမ်းဗြဲ၊ ပေါက်တော အပါအဝင် ၁၄ မြို့နယ်နဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ ဖားဆောင်းမြို့နယ် အပါအဝင် ၃ မြို့နယ်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ဝ (UWSA) လက်အောက်က ဟိုပန်မြို့နယ်နဲ့ NDAA လက်အောက်က မိုင်းလားမြို့နယ် တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013