
ကမ္ဘာလုံးဆိုင်ရာ အနှောင့်အယှက်တွေကြားမှာ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးကို တိုးချဲ့ဖို့ ကြိုးပမ်းနေချိန်မှာ ဗီယက်နမ်နဲ့ ဥရောပသမဂ္ဂ (EU) တို့ဟာ ဇန်နဝါရီ ၂၉ ရက်မှာ သံတမန်ဆက်ဆံရေးကို မြှင့်တင်လိုက်ပါတယ်။
ဇန်နဝါရီ ၂၇ ရက်မှာ EU ဟာ အိန္ဒိယနဲ့ အဓိကကုန်သွယ်ရေး သဘောတူညီချက်တခု ချုပ်ဆိုပြီးတဲ့နောက် ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော့စတာက ဟနွိုင်းမြို့တော်ဆီ ရောက်လာတာပါ။
EU နဲ့ ဗီယက်နမ်တို့ မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ခြင်းဟာ ဥရောပက အာဆီယံဒေသတွင်းနဲ့ ဗီယက်နမ်ရဲ့ ကြီးထွားလာတဲ့ အခန်းကဏ္ဍကို အလေးထားကြောင်း မီးမောင်းထိုးပြနေတယ်လို့ ကော့စတာက ပြောပါတယ်။
“ဒီအဆင့် မြှင့်တင်မှုဟာ ဒီနေ့အထိ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် နက်ရှိုင်းကျယ်ပြန့်မှုနဲ့ အနာဂတ်တိုးတက်မှုအတွက် ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို အပြည့်အဝ ဖမ်းယူထားပါတယ်။”
အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့လို ဗီယက်နမ်နဲ့ ဆက်ဆံရေးကို အမြင့်ဆုံးအဆင့်ဆီ မြှင့်တင်ခြင်းထဲမှာ ပုံမှန်အားဖြင့် အဆင့်မြင့်အစည်းအဝေးတွေကို ပိုပြီး မကြာမကြာ လုပ်လာတာလည်း ပါပါတယ်။
ဒီနေ့အတည်ပြုခဲ့တဲ့ ပူးတွဲကြေညာချက်အရ ဒါဟာ ပိုခိုင်မာတဲ့ မိတ်ဖက်ဆက်ဆံရေးကို ဖန်တီးပေးလိမ့်မယ်လို့ မျှော်လင့်ရပြီး နှစ်ဖက်စလုံးက ကာကွယ်ရေး၊ အရေးကြီးတဲ့ သတ္တုတွေ၊ တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေ အပါအဝင် ကဏ္ဍအမြောက်အမြားမှာ ပူးပေါင်းဆောင်ရွက်မှုကို စူးစမ်းလေ့လာပြီး နက်ရှိုင်းစေလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters


