
ဥရောပသမဂ္ဂ (EU) နဲ့ အိန္ဒိယနိုင်ငံကြား အနှစ် ၂၀ နီးပါးကြာအောင် ညှိနှိုင်းခဲ့ရပြီးနောက် ဇန်နဝါရီ ၂၇ ရက်မှာ အကြီးမားဆုံးသော ကုန်သွယ်ရေးသဘောတူညီချက် ရရှိပြီဖြစ်ကြောင်း ကြေညာ ပါတယ်။
ဒါဟာ သဘောတူညီချက်အားလုံးရဲ့ အချုပ်ဖြစ်ပါတယ်ဆိုပြီး အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
တဖက်မှာ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလေယန်ကလည်း လူဦးရေ ၂ ဘီလီယံ ပါဝင်တဲ့ ဈေးကွက်ကြီးတခုကို ဖန်တီးလိုက်တာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
ဗွန်ဒါလေယန်က “ဒါဟာ ကမ္ဘာ့ ဒုတိယနဲ့ စတုတ္ထမြောက် စီးပွားရေးအင်အားကြီး ၂ ခုရဲ့ ဇာတ်ကြောင်းပါ။ တဖက်နဲ့ တဖက်အပြန်အလှန် (Win-Win) အကျိုးရှိစေမဲ့ မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ကြတာပါ” ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
ဒီသဘောတူညီချက်အရ အိန္ဒိယနိုင်ငံကနေ ဥရောပကားတွေအပေါ် ကောက်ခံနေတဲ့ အခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးမဲ့အချက်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ၆ နှစ်တာအတွင်း ဥရောပကနေ အိန္ဒိယဆီ တင်ပို့မဲ့ စုစုပေါင်း ကုန်စည်တန်ဖိုးကို နှစ်ဆတိုးမြှင့်ဖို့အတွက်ပါ သဘောတူထားပါတယ်။
လက်ရှိမှာ အီးယူဟာ အိန္ဒိယရဲ့ အကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ရှိနေပေမဲ့လည်း အိန္ဒိယကတော့ အီးယူအတွက် နဝမမြောက် နေရာမှာသာ ရှိနေတာကို တွေ့ရပါတယ်။
၂၀၂၄ တုန်းက နှစ်ဖက် ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာ ၁၄၂ ဒသမ ၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး အိန္ဒိယအတွက်ဆိုရင် စုစုပေါင်းကုန်သွယ်မှုပမာဏရဲ့ ၁၁ ဒသမ ၅ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။
တချိန်တည်းမှာ အမေရိကန်ဟာ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နေတဲ့အလျောက် အိန္ဒိယဘက်က ကုန်သွယ်ရေးအရ ညှိနှိုင်းတာမျိုးတွေ မပျက်ပြားစေချင်သလို အီးယူအနေနဲ့လည်း အမျက်တော်ရှမှာကို မလိုလားကြောင်း ဖော်ပြထားပါတယ်။
အခုလိုမျိုး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်တိုးကောက်ရေး ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်လာရတာနဲ့အမျှ အီးယူ-အိန္ဒိယ နှစ်ဖက်စလုံးက ဝါရှင်တန်အပေါ် မှီခိုနေရမှု လျှော့ချဖို့အတွက် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ မကြာခင်မှာ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ကုန်သွယ်ရေးကိစ္စအတွက် အိန္ဒိယနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။
အလားတူ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကလည်း တရုတ်မြို့တော် ပေကျင်းကို ရောက်နေပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ရေးရာနဲ့ ပတ်သက်ပြီး ထရမ့်ပ်က သူ့အမြင်ကို လက်မခံတဲ့နိုင်ငံတွေ အပါအဝင် မိတ်ဖက်တွေ အပေါ် အပြစ်ပေးတဲ့အခါ အခွန်စည်းကြပ်တာမျိုးတွေ မကြာခဏ ပြုလုပ်လေ့ရှိပါတယ်။


