Home
ကျန်းမာရေး
ဆေးမရှိသည့် နီပါးဗိုင်းရပ်စ် အန္တရာယ်ကြောင့် အာရှလေဆိပ်များတွင် စစ်ဆေးမှုပြုလုပ်
DVB
·
January 28, 2026
Photo: Thai Government

အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အာရှလေဆိပ်တွေမှာ စစ်ဆေးမှုတွေ ပြုလုပ်လာကြပါတယ်။

အိန္ဒိယနိုင်ငံရဲ့ စတုတ္ထလူဦးရေအထူထပ်ဆုံးဖြစ်တဲ့ အနောက်ဘန်ဂေါပြည်နယ်မှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုတွေ ဖြစ်ပွားပြီး လူသေဆုံးမှု များလာတာကြောင့် အာရှနိုင်ငံတွေကို ကူးစက်မှာ စိုးရိမ်လာကြပြီး လေဆိပ်မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။

အနောက်ဘန်ဂေါကလာတဲ့ လေကြောင်းလိုင်း ၃ ခုကို ထိုင်းနိုင်ငံလေဆိပ်မှာ စစ်ဆေးမှုတွေ စတင် ပြုလုပ်ခဲ့ပါတယ်။

နီပေါနိုင်ငံကလည်း ခတ္တမန္ဒူလေဆိပ်နဲ့ အိန္ဒိယနဲ့ ထိစပ်နေတဲ့ နယ်စပ်ဂိတ်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

အနောက်ဘန်ဂေါမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နီပါးဗိုင်းရပ်စ် ကူးစက်ခံရမှု ၂ ခု ရှိတယ်လို့ အတည်ပြုထားပြီး သူတို့ ၂ ယောက်နဲ့ ထိတွေ့ဆက်ဆံမိတဲ့ လူပေါင်း ၁၉၆ ယောက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရပြီး ရောဂါကူးစက်တာမျိုး မရှိဘူးလို့ အိန္ဒိယကျန်းမာရေးဌာနက ဆိုပါတယ်။

နီပါးဗိုင်းရပ်စ်ဟာ တိရစ္ဆာန်ကနေ လူတွေကို ကူးစက်နိုင်ပြီး ကူးစက်ခံရပါက သေဆုံးနိုင်ခြေ ၄၅ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိပါတယ်။ ဒါ့အပြင် နီပါးဗိုင်းရပ်စ် ကုသဖို့ ဆေးမရှိဘူးလို့လည်း သိရပါတယ်။

နီပါးဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ နဲ့ ဇီကာဗိုင်းရပ်စ်တို့လို ထိပ်တန်းဗိုင်းရပ်စ် ၁၀ ခုထဲမှာ ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးထားပါတယ်။

နီပါးဗိုင်းရပ်စ် ကူးစက်မှုဟာ ၄ ရက်ကနေ ၁၄ ရက်အထိ ရောဂါလက္ခဏာပြနိုင်ပြီး ကပ်ရောဂါအဖြစ် ကူးစက်နိုင်ခြေများတဲ့ ဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။

နီပါးဗိုင်းရပ်စ်ဟာ ၁၉၉၈ ခုနှစ်က မလေးရှားနိုင်ငံမှာရှိတဲ့ ဝက်မွေးသူတွေမှာ စတင်တွေ့ခဲ့ဖူးတာ ဖြစ်ပြီး နောက်ပိုင်း အိမ်နီးချင်း စင်ကာပူနိုင်ငံကို ပျံ့နှံ့ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် နာမည်ကို ပထမဆုံးတွေ့တဲ့ ရွာနာမည်ကို အခြေခံပြီး နီပါးဗိုင်းရပ်စ်လို့ ခေါ်ဆိုခဲ့တာပါ။

နီပါးဗိုင်းရပ်စ်ကြောင့် လူပေါင်း ၁၀၀ ကျော် သေခဲ့ပြီး ဝက်ကောင်ရေ ၁ သန်းကျော် သတ်ခဲ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ၂၀၀၁ ခုနှစ်က နီပါးဗိုင်းရပ်စ် ဖြစ်ပွားခဲ့ဖူးပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ဒီဗိုင်းရပ်စ်ဟာ ၂၀၀၁ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တုန်းကလည်း အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါမှာ ၂ ကြိမ် ဖြစ်ပွားခဲ့ဖူးပါတယ်။

လက်ရှိ အိန္ဒိယနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး “စစ်ဆေး၊ ထိတွေ့သူတွေကို လေ့လာ၊ စောင့်ကြည့်၊ စမ်းသပ်” စတဲ့အဆင့်တွေနဲ့ ကူးစက်မှုတွေ မပျံ့နှံ့အောင် လုပ်ဆောင်နေတယ်လို့ ဝန်ကြီးဌာနက ပြောထားပါတယ်။

လက်ရှိအချိန်ထိတော့ အိန္ဒိယနိုင်ငံပြင်ပမှာ နီပါးရောဂါ ကူးစက်ခံရသူ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013