Home
ဆောင်းပါး
မင်းအောင်လှိုင် သေတွင်းတူးမလား
DVB
·
February 2, 2026

(၁)

ရွေးကောက်ပွဲကို နိုင်ငံခြားက အသိအမှတ်ပြုတာ၊ မပြုတာ နားမလည်ဘူးလို့ ထုံးစံမပျက် အများပြည်သူရှေ့မှာ မင်းအောင်လှိုင် ဓားလွတ်ကိုင် ရမ်းပြတယ်။ ဇန်နဝါရီ ၂၅ ရက်၊ မန္တလေးမြို့က မဲရုံတွေကို သွားကြည့်ရင်းနဲ့ မင်းအောင်လှိုင်က အဲဒီလို ထီမထင်။ ပြည်သူတွေက မဲပေးတာ ကျနော်တို့ အသိအမှတ်ပြုတယ်လို့လည်း အတည်ပေါက် မရှက်မကြောက်။

ပြီးတော့ မဲလာပေးတဲ့သူတွေကိုလည်း လျှောက်မေးသေးတယ်။ ‘မဲလိမ်လို့ ရမယ် ထင်လား’ တဲ့။ ‘မဲစာရင်းတွေ မှားနိုင်လား’တဲ့။ အဖြေမတတ်ရင် မင်းအောင်လှိုင် လှည့်ထွက်သွားပြီး မကြာခင် ပစ်သတ်ခံရနိုင်တယ်ဆိုတာ ပြည်သူတိုင်းက သိပြီးသား။

ဇန်နဝါရီ ၂၅ ရက်မှာပဲ ချမ်းမြသာစည်မြို့နယ်ထဲက မဲရုံတရုံထဲ မင်းအောင်လှိုင်နဲ့အတူ ရှိနေသူတဦးက ကြံ့ဖွံ့တံဆိပ် အင်္ကျီနဲ့ဦးထုပ် ဝတ်ဆင်လျက်။ စစ်အုပ်စုမီဒီယာ Popular News ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အဲဒီ ဓာတ်ပုံတင်ပြီး သိပ်မကြာ ပြန်ဖြုတ်သွားပေမဲ့ save ထားသူတွေက အွန်လိုင်းပေါ်တင်ကြတယ်။

မဲရုံထဲ ပါတီအမှတ်တံဆိပ်တွေ ဝတ်ဆင်ထားတာဟာ ရွေးကောက်ပွဲပြစ်မှုတခုဆိုပေမဲ့ မင်းအောင်လှိုင်နဲ့ လိုက်ပါလာတာဆိုတော့ ဥပဒေချိုးဖောက်တော့ရော ဘာဖြစ်သလဲလို့ မေးခွန်းထုတ်နိုင်ပါတယ်။ တခြားပါတီရဲ့ အမတ်လောင်းတ ဦးဦးက ကန့်ကွက်ရင် ရွေးကောက်ပွဲနိုင်တဲ့ ကြံ့ဖွံ့အမတ် ပြုတ်သွားနိုင်ပေမဲ့ ဇန်နဝါရီ ၂၉ ရက်အထိ ကန့်ကွက်သံ မကြားသေးခြင်းက မင်းအောင်လှိုင် ဓားထက်ကြောင်း သိရှိကြခြင်းကြောင့်ပါပဲ။ ထားတော့။

တိုက်ပွဲခေါ်သံတွေ၊ အကြောက်တရားတွေ၊ မဲပေးပြည်သူ ခပ်နည်းနည်းရယ်နဲ့ တရားမဝင် ရွေးကောက်ပွဲက တရားမဝင်ပြီးစီးခဲ့ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်အစိုးရက ရွေးကောက်ပွဲကို ဂုဏ်ပြုချီးကျူးလိုက်တာကြောင့် အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းက ဘာပြောပြော မင်းအောင်လှိုင် ဂရုမစိုက်တာ အဆန်းတကြယ်တော့ ဘယ်ဟုတ်မလဲ။

ဒါပေမဲ့ ဇန်နဝါရီ ၂၄ ရက်မှာ အဆက်အစပ် အဖြစ်အပျက် ဘာမှမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်း ထုတ်ပြောလာတာကတော့ ဆန်းနေသလိုကြီးလို့ ထင်ရတယ်။

သတင်းထုတ်လွှင့်ချက်တွေကို ကြည့်လိုက်တော့ ဇန်နဝါရီ ၂၄ ရက်၊ ပြင်ဦးလွင်၊ အနီးစခန်းလေဆိပ်မှာ ပြုလုပ်တဲ့ မူးယစ်ဆေးဝါး သတင်းစာရှင်းပွဲအပြီး၊ သတင်းစာရှင်းပွဲလုပ်တဲ့ အဆောက်အအုံအပြင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးတဲ့ဌာနကလည်း စစ်တပ်ဝါဒဖြန့်ယန္တရား မြဝတီ။ မြဝတီက တပ်ကြပ်ကြီးလောက်ရှိတဲ့ သတင်းမေးသူတဦးက ဗိုလ်ချုပ်အဆင့်ရှိ ဇော်မင်းထွန်းကို သတင်းစာရှင်းပွဲအပြင်ဘက်မှာ ကိုယ့်သဘောနဲ့ကိုယ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း မမေးရဲဘူးဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ပြီးတော့ မြဝတီဆိုတာ အထက်က မေးခိုင်းတာကိုသာ မေးခွင့်ရှိတဲ့ စစ်တပ်ဝါဒဖြန့်ချိရေးယန္တရား။ ဗိုလ်ချုပ်အဆင့်ရှိပြီး စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းကိုယ်တိုင်တောင် အထက်ညွှန်ကြားချက်မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း သတင်းထုတ်ခွင့်မရှိတာလည်း သေချာတယ်။

ဒါဆို ဘာ့ကြောင့် ဘာအဆက်အစပ်မှမရှိဘဲ မြဝတီကမေးပြီး ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပြောကြားခဲ့တာပါလဲ။ ဇော်မင်းထွန်းရဲ့အထက် စစ်ကော်မရှင် ခေါင်းဆောင်တွေက ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ပြန်ခိုင်းတာကြောင့်ပါပဲ။

ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်။ အရပ်ဘက်၊ တပ်ဘက် ပါရဂူတွေက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို စောင့်ရှောက်ပေးနေကြတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုဟာ နိုင်ငံရေးမှုမဟုတ်ဘဲ ရာဇဝတ်မှုဖြစ်တာကြောင့် တရားဥပဒေအတိုင်း ဆက်ဖြစ်ပါလိမ့်မယ်လို့လည်း ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင် ဘာပြောချင်တာလဲ ဆိုတော့ ‘ခင်ဗျားတို့ ဘာမှမပူနဲ့၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်၊ ကျန်းမာရေးကောင်းအောင်လည်း စောင့်ရှောက်ထားတယ်။ ရွေးကောက်ပွဲ ပြီးရင်လည်း ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်မနေကြနဲ့” ဆိုတာပါပဲ။

စစ်အုပ်စုရွေးကောက်ပွဲကို အာဆီယံအနေနဲ့ အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောကြားအပြီး။ ဇန်နဝါရီ ၁၉ ရက်နဲ့ ၂၀ ရက်က ၂၀၂၆ ခုနှစ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လိုဇာရိုက NUG အစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ ဖိလစ်ပိုင်နိုင်ငံ၊ Tagaytay မြို့မှာ မြန်မာ့အရေး ဆွေးနွေးမှုအပြီး။ ပြီးတော့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက စစ်ကော်မရှင် ရွေးကောက်ပွဲကို ထောက်ခံမှာ မဟုတ်ပေမဲ့ ရလဒ်တွေနဲ့ နောက်ဆက်တွဲ ဖြစ်ပျက် ပြောင်းလဲမှုတွေကို ဆက်ပြီး စောင့်ကြည့်နေမယ်လို့ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားအပြီး ဒေါ်အောင်ဆန်းစုကြည်သတင်းကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ 

(၂)

စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ ဖော်ပြထားပေမဲ့ ရွေးကောက်ပွဲ အမှန်တကယ်လုပ်ဖို့ ပိုင်းဖြတ်ခဲ့တာက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စစ်ကောင်စီဘက်က အခိုင်အမာရပ်ကြောင်း တရုတ်က ကြေညာခဲ့ပြီးမှသာ ဖြစ်တယ်။

တရုတ်ရဲ့ မြန်မာ့အရေး ပထမဆေးမြီးတိုက စစ်ကောင်စီလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီကိုလည်း ရွေးကောက်ပွဲဝင်ခွင့်ပြုခြင်းကနေ ပြန်ပေါင်းထုတ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်။ တရုတ်ရဲ့ အဲဒီဆေးမြီးတိုကို မင်းအောင်လှိုင်က အာခံလိုက်ရုံတင်မက လောက်ကိုင် ကျားဖြန့်ပြဿနာကိုပါ အရူးကွက်နင်းနေတာကြောင့် ၁၀၂၇ စစ်ဆင်ရေးကို မသိချင်ယောင်ဆောင်ခြင်းနည်းနဲ့ တရုတ်က ပုံစံပေးခဲ့တယ်။

၁၀၂၇ စစ်ဆင်ရေးဟာ နေပြည်တော်အာဏာကိုပါ ခြိမ်းခြောက်နေပြီဖြစ်ကြောင်း တရုတ်က သိရှိသွားချိန်ကျမှ မြန်မာ့အရေး စစ်အုပ်စုအခြေပြု စဉ်းစားနည်းကနေ ဖောက်မထွက်နိုင်တဲ့ တရုတ်က ခွထိုင်ထားတဲ့ ခြံစည်းရိုးပေါ်က ကပျာကယာ ခုန်ဆင်းလာကာ စစ်ကောင်စီကို အရေးပေါ်ခန်းကနေ ဆွဲထုတ်နိုင်ဖို့ မြန်မာ့ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်းပဲ ဝင်စွက်တော့တယ်။

အပြန်အလှန်အနေနဲ့ စစ်ကောင်စီဘက်က NLD ပါတီနဲ့ အတိုက်အခံအင်အားစုတွေ မပါတဲ့ ရွေးကောက်ပွဲလုပ်။ တရားမဝင်ရွေးကောက်ပွဲကနေတဆင့် ထွက်ပေါ်လာမဲ့ တရားမဝင် အစိုးရလက်ထက်မှာ တည်ငြိမ်မှုတစုံတရာ ရှာဖွေနိုင်မယ်လို့ တရုတ်က စိတ်ကူးယဉ်ခဲ့ပုံပါ။

တရုတ်အစိုးရ တာဝန်ပေးထားတဲ့ နေပြည်တော်ဘုရင်ခံ တိန့်ရှီကျင်းက ရွေးကောက်ပွဲအပိုင်း ၁ အပြီးမှာ ဒီရွေးကောက်ပွဲဟာ တရုတ်သမ္မတရှီကျင့်ဖိန်နဲ့ မင်းအောင်လှိုင်တို့ရဲ့ သဘောတူညီမှုဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီးနောက် တရားမဝင် အစိုးရတက်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် တရုတ်နဲ့ သဘောတူညီခဲ့ပုံရတယ်ဆိုတဲ့ မှန်းဆချက်တွေလည်း ထွက်ပေါ်ခဲ့တယ်။

အဲဒီမှန်းဆချက်က ဖြစ်နိုင်ခြေရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ဆိုတာ မင်းအောင်လှိုင် မလုပ်ရဲတဲ့ ကိစ္စကြီးလည်း ဖြစ်နေပြန်တယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ရေး သဘောတူညီချက်ကို ချေဖျက်နိုင်ဖို့အတွက် အကြောင်းရှာရတော့တယ်။

စစ်ကော်မရှင် ရှာတွေ့တဲ့အကြောင်းက အာဆီယံရဲ့ သဘောထားမပြောင်းမချင်း သူတို့ဘက်ကလည်း သဘောထားမပြောင်းနိုင်ဘူးဆိုတာပါပဲ။ ဆိုလိုတာက အာဆီယံအနေနဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာမယ့် တရားမဝင်အစိုးရကို အသိအမှတ်မပြုရင် သူတို့ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်နိုင်ဘူး ဆိုတာပါ။ အဲဒါကြောင့်လည်း ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်အရေး ဥပဒေအတိုင်း ဆက်သွားမယ်လို့ ထုတ် ပြောလာတာလို့ နားလည်ရတယ်။

ဇန်နဝါရီ ၂၉ ရက်၊ ဖိလစ်ပိုင်မှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရေဆာ လိုဇာရိုက အာဆီယံအနေနဲ့ စစ်ကော်မရှင်ရွေးကောက်ပွဲကို လောလောဆယ်အထိ အသိအမှတ်မပြုသေးဘူးလို့ ပြောကြားလိုက်တာကြောင့် စစ်ကော်မရှင်ကလည်း ဆက်လက်တင်းမာပြကာ မရွေးချင်ပေမဲ့ ဒီလမ်းကိုပဲ ဆက်ရွေးရဦးမှာဖြစ်ကြောင်း တရုတ်ကို အကြောင်းပြလို့  ကောင်းသွားနိုင်ပါတယ်။

ပြီးတော့ စစ်ကော်မရှင်က ဒေါ်အောင်ဆန်းစုကြည်ကို ကိုင်ကာ နိုင်ငံရေးအမြတ်ထုတ်နိုင်အောင် ဆက်ကြိုးစားသွားမှာပါ။ မေးစရာတခု ရှိလာတာက တကယ်မို့ လာမဲ့ တရားမဝင်အစိုးရကို အာဆီယံအနေနဲ့ အသိအမှတ်ပြုခဲ့တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် ပြန်လွှတ်မလားဆိုတာပါ။

မသေချာပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ တရားမဝင်အစိုးရကို လက်ခံပြီး ဖြစ်ပျက်ခဲ့သမျှ ရေငုံနှုတ်ပိတ်နေပါ့မယ်ဆိုတဲ့ ကတိပြုချက်ရမှသာ ပြန်လွှတ်ရဲမှာပါ။ ဘာလို့ဆိုတော့ အဲဒီလို ကတိပြုချက်မရဘဲ ပြန်လွှတ်ခြင်းဟာ မင်းအောင်လှိုင်နဲ့ ငရဲသားတသိုက်အတွက် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေတာကြောင့်ပါပဲ။

လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013