
မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို ဖြုတ်ချခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တွေကို ဥပေက္ခာပြုဖျက်ဆီးခဲ့ကြောင်းနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်းမှာ မြန်မာပြည်သူပြည်သားတွေဟာ ပြင်းထန်ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်လို့ ယူကေနိုင်ငံ အစိုးရက ကြေညာပါတယ်။
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် နှစ်ပတ်လည်အနေနဲ့ ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံခြားရေး၀န်ကြီး အီဗက်ကူးပါက ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်တပ် ရွေးကောက်ပွဲဟာ လွတ်လပ်မှုမရှိသလို တရားမျှတမှုလည်း မရှိကြောင်း မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒတွေနဲ့ ကိုက်ညီဖို့ဆိုရင် ဆက်လက် လုပ်ဆောင်စရာတွေ များစွာကျန်ပါသေးတယ်လို့လည်း ပြောပါတယ်။
အကျပ်အတည်းတွေကြားမှာပဲ မြန်မာပြည်သူပြည်သားတွေအတွက် တည်ငြိမ်တဲ့ အနာဂတ်တရပ်ကို ကူညီထောက်ပံ့ပေးဖို့ ယူကေအစိုးရအနေနဲ့ ဆက်လက် ကတိကဝတ်ပြုထားဆဲ ဖြစ်တယ်၊ ပြီးခဲ့တဲ့တနှစ်အတွင်းမှာ ယူကေအနေနဲ့ မြန်မာပြည်သူ ၁ ဒသမ ၄ သန်းကျော်ကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့သလို ၁ ဒသမ ၃ သန်းကိုလည်း မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။
“ထိခိုက်မှုအများဆုံးခံရတဲ့ ပြည်သူတွေနဲ့အတူ ယူကေဟာ ဆက်လက်ရပ်တည်သွားမှာ ဖြစ်တယ်၊ ဒါပေမဲ့လည်း လက်ရှိ မြေပြင်အခြေအနေတွေဟာ အလွန်ဆိုးရွားလှပါတယ်။ မြန်မာကလေးငယ် စုစုပေါင်းရဲ့ တဝက်လောက်ဟာ ပညာသင်ယူခွင့်မရကြပါဘူး။ ထို့အတူ မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာလည်း အကြမ်းဖက်မှုတွေ ဆက်လက်ကြုံတွေ့နေရပါတယ်”လို့ ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့၊ ငြိမ်းချမ်းတဲ့ဒီမိုကရေစီအပြောင်းအလဲတရပ် ဖြစ်ပေါ်လာစေရန်အတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ ယူကေနိုင်ငံက မြန်မာစစ်တပ်ကို တောင်းဆိုပါတယ်။
ဒါ့အပြင် ယူကေ နိုင်ငံအပေါ်မှာလည်း သက်ရောက်မှုရှိတဲ့ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ အွန်လိုင်း လိမ်လည်မှုလို ပြစ်မှုတွေဟာလည်း မြန်မာနိုင်ငံမှာ ပိုမိုဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေကို ဝိုင်းဝန်းကာကွယ်ကြဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ယူကေ တိုက်တွန်းပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က အဓမ္မဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ပြည်သူတွေကိုလည်း စစ်တပ်က အကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီး ယနေ့အချိန်ထိလည်း လေကြောင်းကနေဗုံးကြဲ မြေပြင်ကနေ စစ်ကြောင်းထိုးပြီး သတ်ဖြတ်မှုတွေ ကျူးလွန်နေဆဲဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်းမှာ ၇၃၇၃ ယောက် သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသူပေါင်း ၂၉၈၂၀ ယောက်ရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။


