
ဘယ်သူကိုမဆို ဝရမ်းမလိုဘဲ တရားလက်လွတ် ဝင်ရောက်ရှာဖွေဖမ်းဆီးနိုင်မဲ့ နိုင်လွတ်လုံဥပဒေကို စစ်ခေါင်းဆောင်က လက်မှတ်ထိုး အတည်ပြုပြဋ္ဌာန်းလိုက်တာဟာ အစိုးရအသစ်မပေါ်ခင်မှာ ပြည်သူနဲ့ နိုင်ငံတကာကို လှည့်စားဖို့သက်သက်ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီက “နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးအတွက် အရေးကြီးလိုအပ်ချက်” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘယ်သူ့ကိုမဆို ဝရမ်းမလိုဘဲ ဝင်ရောက် ရှာဖွေ ဖမ်းဆီးနိုင်ပြီး သက်သေတွေမပါဘဲ ခေါ်ယူနိုင်ဖို့အတွက် နိုင်လွတ်လုံလို့ အသိများတဲ့ “နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ကာကွယ်ပေးရေးဥပဒေ” ပါ ပုဒ်မ ၅ (ခ) နဲ့ ၈ ခြေဆင်းတို့ကို ဖေဖော်ဝါရီ ၃ ရက်မှာ ပြင်ဆင်ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
ပြင်ဆင်ဖြည့်စွက်လိုက်တဲ့ ပြဋ္ဌာန်းချက်အရ စစ်ကောင်စီဟာ ဘယ်လိုသက်သေ လူပုဂ္ဂိုလ်မျိုး၊ ရှာဖွေခွင့် ဖမ်းဆီးခွင့် စတဲ့ ဝရမ်းတွေ လိုအပ်မှာမဟုတ်ဘဲ “နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက်” ဆိုတဲ့ စာသားကို ဖြည့်စွက် ပြင်ဆင်လိုက်တာဖြစ်လို့ ၂၀၂၁ အာဏာသိမ်းစက ပုဒ်မတွေ ဖျက်သိမ်းလိုက်တဲ့ ပုံစံနဲ့ ဘာမှမကွဲပြားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
“အရင်တိုင်း အာဏာသိမ်းပြီးတဲ့အတိုင်းပဲ ပြန်လုပ်မယ်လို့ပြောတာ။ ရွေးကောက်ပွဲလုပ်ပြီးသွားပြီး ဒီမိုကရေစီ သွားတော့မယ်ဆိုပြီး ကမ္ဘာကို လိမ်ချင်တာ၊ ပြည်သူလူထုကို လိမ်ချင်တာ၊ အာဏာသိမ်းပြီးတဲ့အခါ ပုဒ်မ ၅ နဲ့ ၇၊ ၈ ကို လုံးဝရပ်ဆိုင်းထားခဲ့တယ်။ တကယ့် အဓိကပုဒ်မတွေကို ရပ်ဆိုင်းထားလိုက်တာ။ ဒါပေမဲ့ အခုပြန်ဖွင့်ပေးလိုက်တဲ့အခါမှာ ၇ မဖွင့်ပေးဘူး။ နိုင်ငံသားတယောက်ကို ၂၄ ရက် ပိုချုပ်နှောင်ခွင့်မပြုရ ဆိုတဲ့ဟာကို အရင်တိုင်းပဲ ထိမ်ချန်ထားလိုက်တယ်။ ၇ အရေးကြီးဆုံးကို ပြန်မပေးဘူး။ နောက် ၅ နဲ့ ၈ မှာလည်း အရေးကြီးသောကိစ္စမှအပ ဆိုတော့လည်း ကဲ ဘယ်ဟာက အရေးကြီးလဲ မကြီးလဲဆိုတာ သူတို့ အဓိပ္ပာယ်ဖွင့်မှာလေ။ အမှတ်တမဲ့ ကြည့်လိုက်ရင်တော့ ၅ နဲ့ ၈ ကို ပြန်ဖွင့်ပေးလိုက်ပြီလို့ ထင်ရတာပေါ့။ အဲဒါက လိမ်နည်းတမျိုးပါပဲလေ၊ အေး လိမ်နည်းတမျိုးပါပဲလို့ ပြောချင်ပါတယ်။”
နိုင်ငံသားတွေကို ကာကွယ်ဖို့ ရေးဆွဲခဲ့တဲ့ နိုင်လွတ်လုံဥပဒေမှာတော့ ပြည်သူတွေရဲ့ နေအိမ်တွေကို အကြောင်းမဲ့ ဝင်ရောက်ရှာဖွေတာ၊ တာဝန်ရှိသူတွေ မပါဝင်ဘဲ တရားမဲ့ ဝင်ရောက် ဖမ်းဆီး ရှာဖွေတာကို မလုပ်ဆောင်နိုင်ဖို့ တားမြစ်ထားတဲ့ ပုဒ်မ ၅၊ တရားရုံးရဲ့ အမိန့်မရဘဲ ပြည်သူတွေကို ၂၄ နာရီကျော်လွန် ချုပ်နှောင်ထားခွင့်မရှိတဲ့ ပုဒ်မ ၇၊ ပြည်သူတွေရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို အကြောင်းမဲ့ ချိပ်ပိတ် သိမ်းဆည်းတာ၊ နောက်ယောင်ခံ လိုက်လံကြည့်ရှုတာ၊ ဖုန်းခေါ်ဆိုမှုကနေအစ ကိုယ်ရေးကိုယ်တာ လုံခြုံရေးဆိုင်ရာတွေကို တောင်းယူ ကြည့်ရှုတာတွေ မလုပ်ဆောင်နိုင်အောင် တားမြစ်ထားတဲ့ ပုဒ်မ ၈ တို့ကို ရပ်ဆိုင်းကြောင်း အာဏာသိမ်းပြီးတဲ့ ရက်ပိုင်းအတွင်းမှာ တကြိမ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လတို့မှာ ၁ ကြိမ်၊ ၂ ကြိမ် ထုတ်ပြန်ခဲ့ဖူးပါတယ်။
အခုအကြိမ်မှာတော့ နိုင်လွတ်လုံကို ပြင်ဆင်သည့်ဥပဒေလို့ဆိုပြီး နိုင်ငံသားလုံခြုံရေးအတွက် အရေးပါတဲ့ ပုဒ်မ ၇ ကတော့ အပြီးတိုင်ဖျက်သိမ်းထားပြီး ပုဒ်မ ၅ နဲ့ ၈ တို့မှာ လိုသလို ဖြည့်စွက်ပြင်ဆင်လိုက်တာပဲ ဖြစ်ပါတယ်။
ဥပဒေပညာရှင်တယောက်ကလည်း “ဖြည့်စွက်လိုက်တဲ့ စာသားကြောင့် အရင်ကထက် ပိုလွတ်လွတ်လပ်လပ်နဲ့ ဝင်စစ်ချင်သလို စစ်လို့ရသွားပြီ။ ထုတ်ပြန်တဲ့ ဥပဒေတွေကို လက်တလုံးခြားလုပ်နေတဲ့ စကမရဲ့ ဥပဒေတွေ ညွှန်ကြားချက်တွေကို သေသေချာချာ လေ့လာဖို့လိုတယ်။ အဓိက ကတော့ ပြည်သူတွေ စာဖတ်ဖို့လိုတယ်။ ပြောင်းလဲလိုက်ပြီ၊ အရင်လို ဝင်စစ်မှာ မဟုတ်ဘူး၊ ဒီမိုကရေစီသွားဖို့အတွက်ကို နိုင်လွတ်လုံကိုပြင်ပါတယ်ဆိုတာက အဲဒါ ချင်းထည့်ခံထားရတာ။ သူတို့ကိုယ်သူတို့ ကာဗာလုပ်ထားတာ မပါဘဲ ဘယ်စာမှ သူတို့ မထုတ်ပြန်ဘူး။ အကုန် ကာဗာလုပ်ထားပြီးသား” လို့ ပြောပါတယ်။
ပြည်သူတွေရဲ့ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေအတွက် ကာကွယ်ပေးထားတဲ့ နိုင်လွတ်လုံဥပဒေကို ၂၀၁၇ ခုနှစ် NLD လက်ထက်မှာ ရေးဆွဲပြဋ္ဌာန်းခဲ့တာဖြစ်ပြီး ဥပဒေပါ အားနည်းချက်တချို့ကို အရပ်သားအစိုးရ လက်ထက်မှာပဲ ပြင်ဆင်တဲ့ ဥပဒေကြမ်း တင်သွင်းခဲ့ကြပါသေးတယ်။
ဝေဝေ


