
အကျဉ်းထောင်တွင်း ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေတဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလင်းထွဋ်ကို ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က စစ်ကောင်စီကို ဖေဖော်ဝါရီ ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာလင်းထွဋ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအတွင်း တခြားအစိုးရအရာရှိကြီးတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့ကို အကျင့်ပျက်ခြစားမှု၊ မဲလိမ်လည်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ကောင်စီက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတာလည်း ဖြစ်ပါတယ်။
အသက် ၆၅ နှစ်အရွယ် ဒေါက်တာ လင်းထွဋ်ဟာ ဆီးချို၊ သွေးတိုးနဲ့ နှလုံးခုန်မမှန်ရောဂါတွေလို နာတာရှည်ရောဂါမျိုးစုံကို ခံစားနေရတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နှစ်ပေါင်းများစွာ ညှဉ်းပန်းနှိပ်စက်ခံရမှုတွေနဲ့ အကျဉ်းထောင်တွင်း အခြေအနေဆိုးတွေကြောင့် သူ့ရဲ့ကျန်းမာရေးဟာ ပိုမိုဆိုးရွားလာခဲ့ပြီး အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် ဇွန်လမှာ ကုလသမဂ္ဂရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ကလည်း ဒေါက်တာ လင်းထွဋ်ကို ဖမ်းဆီးထားတာဟာ မတရားဖမ်းဆီးမှုဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ဖူးပါတယ်။
ဒေါက်တာလင်းထွဋ်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထားတဲ့အပြင် မလွှတ်ပေးသေးခင်မှာလည်း နောက်ထပ် ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ တခြားမတရားပြုကျင့်မှုတွေ မခံရအောင် သေချာလုပ်ဆောင်ပေးဖို့၊ သူ့ရဲ့မိသားစု၊ ရှေ့နေတွေနဲ့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိခွင့်ပေးဖို့ကိုလည်း စစ်ကောင်စီထံ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်းထားပါတယ်။


