
ကချင်ပြည်နယ် ဖားကန့်မြို့မှာ တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က ဒီနေ့ဖေဖော်ဝါရီ ၄ ရက်မှာ Y 12 လေယာဉ်နဲ့ ဗုံးအလုံး ၂၀ နီးပါး ကြဲချတိုက်ခိုက်သွားတာကြောင့် နေအိမ်၊ အဆောက်အအုံတချို့ ထိမှန် ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစတင်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်နဲ့ ယူမာကျေးရွာကနေ ထုံးဘို-ဂျမ်ကပ်လမ်းကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး ဒီနေ့မှာတော့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ဖားကန့်မြို့ဒေသခံတယောက်က “ဗုံးကြဲတာ အလုံး ၂၀ လောက်ရှိတယ်။ Y 12 လေယာဉ်နဲ့ ပတ်ချာလည်လှည့်ပြီး စိမ်ပြေနပြေ ၁ နာရီလောက်ကြာအောင် ကြဲသွားတာ။ စစ်ကောင်စီက ရှေ့မတိုးနိုင်လို့ ပစ်အားကူတာ ထင်တယ်။ လက်နက်ကြီးတွေနဲ့လည်း တောက်လျှောက်ပစ်နေတယ်။ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်နေတယ်။ ထုံးဘိုဘက်ကို အများဆုံးကြဲတယ်။ ဆုတောင်းကုန်းတို့၊ မရှီကထောင် အနောက်ကျောဘက်ခြမ်းတွေကို ကြဲသွားတာ” လို့ DVB ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု ရှိ၊ မရှိကို မသိရသေးသော်လည်း KTV အဆောက်အအုံနဲ့ နေအိမ်တချို့ ထိမှန်ပျက်စီးတာတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေအရ ဖားကန့်-ဆိပ်မူသွားလမ်းကိုလည်း ပိတ်ထားတဲ့အပြင် ဆိပ်မူကနေ ဖားကန့်ကို ပတ်သွားရတဲ့ ဖားပြင်-မန-ရှရော်ခ လမ်းကိုလည်း အရေးပေါ်အခြေအနေကလွဲပြီး ပိတ်ထားလိုက်ပြီလို့ ဆိုပါတယ်။
မနေ့ကလည်း လက်နက်ကြီးကျည်အချို့ အရပ်သားနေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆွတ်ဘွမ်(အမှိုက်ပုံရွာ)က ကလေး ၂ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့တဲ့ ဒေသခံ ၁၅ ယောက်ထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၆ ယောက်အထိ ပါဝင်ပြီး ဖားကန့်ဆေးရုံကြီးမှာ ဆေးကုမှုခံယူနေကာ ဒဏ်ရာပြင်းထန်သူ တချို့ကိုတော့ မြစ်ကြီးနားဘက် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂ ရက်က မနက် ၁၀ နာရီလောက်မှာလည်း တိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် စာသင်ကျောင်းကို ထိမှန်ပြီး ကလေးငယ် ၂ ယောက် ထိခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်ကစပြီး KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ဆိပ်မူရွာကို ဦးတည်စစ်ကြောင်း ထိုးလာပြီးနောက် ဒီနေ့အချိန်အထိ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ယောက် တော်လှန်ရေးတပ်တွေထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ရွေးကောက်ပွဲလုပ်တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ တော်လှန်ရေးတပ်တွေဘက်က ရွေးကောက်ပွဲ လုပ်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်ဖြစ်လာတာပါ။


