
ရုရှားနဲ့ စစ်ကောင်စီတပ်တို့အကြား ၅ နှစ်သက်တမ်းရှိ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်တဲ့အကြောင်း The Moscow Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အခုသဘောတူညီချက်ဟာ ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူ တနင်္လာနေ့က မြန်မာနိုင်ငံကို လာရောက်ပြီးနောက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး အဆိုပါ သဘောတူညီချက်ဟာ ၂၀၃၀ ပြည့်နှစ်အထိ တည်ရှိမယ်လို့ ဆိုပါတယ်။
ဆာဂေးရွှိုင်ဂူက “မြန်မာခေါင်းဆောင်ပိုင်းရဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး ကာကွယ်စောင့်ရှောက်ဖို့နဲ့ အမျိုးသား အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို အားကောင်းအောင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်အပေါ် ရုရှားက အပြည့်အဝ ထောက်ခံပါတယ်” လို့ စစ်ကောင်စီ တာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့အကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတကာမျက်နှာစာမှာ အပါအဝင် မော်စကိုရဲ့ ဘက်စုံကူညီမှုတွေကို အပြည့်အဝ ယုံကြည်အားကိုးနိုင်တဲ့အကြောင်းလည်း ပြောလိုက်တာပါ။
ဒါဟာ စစ်ကောင်စီ အာဏာတည်မြဲရေးအတွက် အရေးပါတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောဆိုကြတဲ့ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာစေခဲ့တာလို့ ဖော်ပြလိုက်သလို စစ်အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီဟာ စစ်တပ်အတွက် ရိက္ခာနဲ့ လက်နက်ခဲယမ်း ထောက်ပံ့နိုင်ဖို့ ရုရှားနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံတို့ရဲ့ အကူအညီကို အားကိုးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီအာဘော် သတင်းမီဒီယာတွေမှာတော့ “ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်” လို့ ဖော်ပြကာ သဘောတူညီချက်ကို အတည်ပြုခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။
၂ နိုင်ငံအကြား ဆိုက်ဘာလုံခြုံရေး၊ သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍ၊ အာကာသနည်းပညာ ဖွံ့ဖြိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရွှိုင်ဂူဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ ဖေဖော်ဝါရီ ၃ ရက် မနက်က တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးချိန် ရောက်ရှိလာမှုဟာ ထူးခြားလေးနက်မှု ရှိပါကြောင်း၊ ဒီခရီးစဉ်အတွင်း ၂ နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုမြှင့်တင် ဆောင်ရွက်သွားနိုင်မှာဖြစ်ကြောင်း ပြောပါတယ်။
ဆာဂေးရွှိုင်ဂူကလည်း မြန်မာနိုင်ငံအနေနဲ့ အခက်အခဲတွေအကြား အခုလို ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအပေါ် ရုရှားနိုင်ငံအနေနဲ့ အသိအမှတ်ပြုကြောင်းနဲ့ ၂ နိုင်ငံအကြား ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
မြန်မာစစ်ကောင်စီက အချိန်တလကြာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပြီးစီးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျယ်ပြန့်တဲ့ နယ်မြေတွေမှာ ကျင်းပနိုင်ခြင်း မရှိခဲ့သလို ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီကို ဖယ်ထုတ်ထားခဲ့တာကြောင့် နိုင်ငံတကာရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။


