Home
နိုင်ငံတကာ
အမေရိကန်၊ ယူကရိန်းတို့နှင့် ၃ ပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပမည်ဟု ရုရှား ကြေညာ
DVB
·
February 3, 2026
Photo: Reuters

ယူကရိန်း၊ အမေရိကန်နဲ့ ရုရှားတို့အကြား ဒုတိယအကျော့ ၃ ပွင့်ဆိုင်ဆွေးနွေးပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရဲ့ မြို့တော် အဘူဒါဘီမှာ ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်တို့မှာ ကျင်းပမယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဖေဖော်ဝါရီ ၂ ရက်မှာ ကြေညာပါတယ်။

သုံးပွင့်ဆိုင်ဆွေးနွေးပွဲရဲ့ နောက်ထပ်အကျော့ကို လာမဲ့သီတင်းပတ် UAE နိုင်ငံမှာ ကျင်းပမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တနင်္ဂနွေနေ့မှာ ပြောခဲ့ပြီးတဲ့နောက် ဒီကြေညာချက် ထွက်ပေါ်လာတာပါ။

ယူကရိန်းပြဿနာကို ကြားဝင်စေ့စပ်မှုက ရှုပ်ထွေးပြီး ဘက်ပေါင်းစုံပါတဲ့ လုပ်ငန်းစဉ်တခု ဖြစ်တယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

ကိစ္စရပ်တချို့တွေမှာ နှစ်ဖက်စလုံးက အဖြေရဖို့ နီးကပ်နေပေမဲ့ ကိစ္စရပ်တချို့တွေမှာတော့ ဘုံသဘောတူညီချက်ကို မတွေ့ရသေးဘူးလို့လည်း သူက ပြောပါတယ်။ ရုရှားဟာ ဆွေးနွေးပွဲတွေအတွက် ပွင့်လင်းနေဆဲဖြစ်တယ်လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

ယူကရိန်းဟာ ဆွေးနွေးပွဲတွေအတွင်း “စစ်မှန်ပြီး ဂုဏ်သိက္ခာရှိတဲ့ စစ်ပွဲအဆုံးသတ်ရေး” အတွက် ခြေလှမ်းတွေကို ရှာဖွေနေတယ်လို့ ဇလန်းစကီးက လူမှုမီဒီယာပလက်ဖောင်း X မှာ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

ယူကရိန်းရဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ တနင်္လာနေ့ညနေပိုင်းမှာ ဆွေးနွေးပွဲတွေတက်ဖို့ သွားမယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။

ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ပထမအကျော့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်တို့မှာ အဘူဒါဘီမြို့မှာ ကျင်းပခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ပဋိပက္ခ မြင့်တက်လာပြီးနောက်ပိုင်း သုံးနိုင်ငံအကြား ပထမဆုံးအကြိမ် သုံးပွင့်ဆိုင် ထိတွေ့ဆက်ဆံမှုဖြစ်ပေမဲ့ ဆွေးနွေးပွဲတွေအပြီးမှာ တိကျတဲ့ သဘောတူညီချက် ဒါမှမဟုတ် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြေညာတာမျိုး မရှိပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013