
အမေရိကန်နဲ့ နျူကလီးယားအရေး သဘောတူညီချက်ရဖို့ ဆွေးနွေးပွဲတွေ ချက်ချင်းစတင်ဖို့ အသင့်ရှိနေပြီလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အရော့ချီက ပြောပါတယ်။
အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန် ကိုယ်တိုင်ကလည်း အမေရိကန်နဲ့ ဆွေးနွေးပွဲတွေ စတင်ဖို့ ညွှန်ကြားထားတယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
အပြန်အလှန် လေးစားမှု ရှိမယ်ဆိုရင် သံတမန်နည်းလမ်းဟာ အမြဲတမ်းအသင့်ရှိနေတဲ့ ရွေးချယ်မှု ဖြစ်တယ်လို့ ဝန်ကြီး အရော့ချီက ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ စစ်သင်္ဘောတွေ စေလွှတ်ထားပြီး သဘောတူညီမှု မရရင် ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လာမဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ ဝန်ကြီး အရော့ချီနဲ့ အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်တို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံကြမှာပါ။
ဒီဆွေးနွေးပွဲမှာ ဆော်ဒီအာရေဗျနဲ့ အီဂျစ် အပါအဝင် ဒေသတွင်းနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်လာဖွယ် ရှိနေပါတယ်။
ဒါဟာ ပြီးခဲ့တဲ့နှစ် ဧပြီလနောက်ပိုင်း နှစ်နိုင်ငံအရာရှိတွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြမှာဖြစ်ပြီး ဒေသတွင်း စစ်ပွဲသစ်တွေ မဖြစ်ရအောင် ကြိုးပမ်းတာလည်း ဖြစ်ပါတယ်။
Source: Reuters


