
အမေရိကန်ကသာ တိုက်ခိုက်လာရင် ဒေသတွင်း စစ်ပွဲကြီး ဖြစ်သွားနိုင်တယ်လို့ အီရန် ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီက ဖေဖော်ဝါရီ ၁ ရက်မှာ သတိပေးလိုက်ပါတယ်။
ခါမေနီက “အမေရိကန်က သင်္ဘောတွေ လွှတ်ထားတယ် ဆိုပေမဲ့ အီရန်က ကြောက်နေမှာမဟုတ်ဘူး” လို့လည်းတုံ့ပြန်ထားပါတယ်။
ဥရောပသမဂ္ဂ (EU) က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ကို အကြမ်းဖက်အဖွဲ့ သတ်မှတ်လိုက်တဲ့အတွက် အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာကာလီဘတ်ဖ် ကလည်း ဥရောပသမဂ္ဂ (EU) နိုင်ငံတွေရဲ့ စစ်တပ်တွေကို အကြမ်းဖက်အဖွဲ့အဖြစ် တန်ပြန် ကြေညာလိုက်ပါတယ်။
ဒီလိုကြေညာအပြီး လွှတ်တော်အမတ်တွေဟာ IRGC တော်လှန်ရေးအစောင့်တပ် ဝတ်စုံတွေကို ဝတ်ဆင်ပြီး “အမေရိကန် ကျဆုံးပါစေ၊ ဥရောပ ရှက်တတ်ပါစေ” ဆိုပြီး အော်ဟစ်ခဲ့ကြပါတယ်။
လက်ရှိမှာ အမေရိကန်ရေတပ်ဟာ ဖျက်သင်္ဘော ၆ စင်း၊ လေယာဉ်တင်သင်္ဘော ၁ စင်းနဲ့ ကမ်းရိုးတန်း တိုက်ခိုက်ရေးသင်္ဘော ၃ စင်း အပါအဝင် ဒေသတွင်း စစ်အင်အားကို တိုးမြှင့်ချထားပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မယ်ဆိုတဲ့ သတင်းကိုတော့ အီရန်တာဝန်ရှိသူတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
ခါမေနီရဲ့ ပြောကြားချက်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ကျုပ်တို့ဆီမှာ ကမ္ဘာ့အကြီးဆုံးနဲ့ အင်အားအကြီးဆုံး သင်္ဘောတွေ အဲဒီနားမှာ ရှိနေပါတယ်” လို့ တုံ့ပြန် ပြောဆိုပါတယ်။
ရက်ပိုင်းအတွင်း သဘောတူညီချက်ရဖို့ မျှော်လင့်ပေမဲ့ ထရမ့်ပ်က “သဘောတူညီချက် မယူရင်တော့ ခါမေနီ ပြောတာ၊ မှန် မမှန် သိလာရမှာပေါ့” လို့လည်း သတိပေးလိုက်ပါတယ်။
အီရန်နိုင်ငံအတွင်း ဆန္ဒပြပွဲတွေမှာ လူသေဆုံးမှုတွေ များပြားခဲ့ပြီးနောက် အခုလို နှစ်ဖက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။
Source: Reuters


