Home
နိုင်ငံတကာ
ကမ္ဘောဒီးယား ဂျီနိုဆိုက်တွင် အသတ်မသေဘဲ လွတ်လာသည့် အမျိုးသမီးကို ICE ဖမ်းဆီး
DVB
·
February 2, 2026
Photo: Khaosod

အမေရိကန်နိုင်ငံအတွင်း နှစ်ပေါင်း ၄၀ ကြာ နေထိုင်ခဲ့တဲ့ ကမ္ဘောဒီးယား လူမျိုးတုံး သတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတယောက်ကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ (ICE) က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဆီသီယီ အမည်ရတဲ့ အဆိုပါ အမျိုးသမီးဟာ ၁၉၈၁ ခုနှစ်ကတည်းက ဒုက္ခသည်အဖြစ် အမေရိကန်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ပြုလုပ်နေကျ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာအန်နာမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနဆီ သတင်းပို့ရာကတဆင့် အခုလအစောပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ အမေရိကန် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

LAist သတင်းဌာနကတော့ အဆိုပါအမျိုးသမီးမှာ ခမာနီတို့ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုမှ လွတ်မြောက်ပြီး ၁၉၈၁ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာခဲ့တာလို့ အတည်ပြုဖော်ပြပါတယ်။

ယီရဲ့ ရှေ့နေဖြစ်သူ ကင်မ်လူးအန်းကတော့ သူ့ကို အာဒီလန်တိုမြို့က ထိန်းသိမ်းရေးစခန်းမှာ မတရားဖမ်းဆီးထားတယ်လို့ ပြောပါတယ်။

သူ့ကို လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ လူဝင်မှုကြီးကြပ်ရေးတရားရုံးက  ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ ကမ္ဘောဒီးယားကို ပြန်ပို့ပါက အန္တရာယ်ကြုံတွေ့နိုင်တဲ့ စိုးရိမ်ရမှုတွေကြောင့် အဲဒီအမိန့်ကို နောက်ပိုင်းမှာ ရွှေ့ဆိုင်းထားခဲ့တာလို့ ဆိုပါတယ်။

ယီရဲ့ အစ်မဖြစ်တဲ့ ဆီသီယာဆန်းက သူတို့မိသားစုဟာ ဦးလေးဖြစ်သူရဲ့ အာမခံချက်နဲ့ ၁၉၈၁ ခုနှစ်တုန်းက ကယ်လီဖိုးနီးယားကို ရောက်ရှိလာချိန်မှာ လက်ထဲမှာ ၁၀ ဒေါ်လာသာ ပါရှိခဲ့တဲ့အကြောင်း LAist သတင်းဌာနကို ပြောပါတယ်။

သူ့ရဲ့ မိခင်နဲ့ ညီအစ်မတွေဟာ ၁၉၉၀ ပြည့်နှစ်မှာ အမေရိကန် နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့ကြပေမဲ့ ယီကတော့ ကျောင်းမတက်နိုင်ခဲ့တဲ့ ကျန်းမာရေးအခြေအနေကြောင့် တရားဝင် အမြဲတမ်းနေထိုင်ခွင့် ရရှိရေးလမ်းစဟာ ရှုပ်ထွေးခဲ့ရတယ်လို့ ဆိုပါတယ်။

အစ်မဖြစ်သူ ဆန်းက သူ့ရဲ့ ညီမဖြစ်သူဟာ လူဝင်မှုကြီးကြပ်ရေး သတ်မှတ်ချက်တွေကို အမြဲမပြတ် လိုက်နာခဲ့ပြီး လစဉ် ICE ဆီ သတင်းပို့နေသူ ဖြစ်တာကြောင့် ဇန်နဝါရီ ၈ ရက်က ခုလို ဖမ်းဆီးခံရမှုက အလွန်တရာ တုန်လှုပ်စရာ ဖြစ်ခဲ့ကြောင်း ပြောပါတယ်။

“(အမေရိကန်) အစိုးရက သူ့ကို လုပ်ခိုင်းသမျှ အရာအားလုံးကို သူကိုယ်တိုင် လိုက်နာ ဆောင်ရွက်ခဲ့ပါတယ်။” 

ယီရဲ့ ရှေ့နေ လူးအန်းရဲ့ အဆိုအရ ICE က သူ့ကို ဖမ်းဆီးနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် နိုဝင်ဘာလ သတင်းပို့စဉ်က ယီမှာ ခြေချင်းဝတ်ခြေရာခံစက် တပ်ဆင်ခဲ့ပေမဲ့ စောင့်ကြည့်စစ်ဆေးမှု စည်းကမ်းချက်တွေကို လိုက်နာသရွေ့ သူ့ကို ဖမ်းဆီးမှာမဟုတ်ကြောင်း အဲဒီအချိန်တုန်းက တာဝန်ရှိသူတွေက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

American Community Media ဝဘ်ဆိုဒ်ကတော့ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက မူးယစ်ဆေးဝါး ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ လက်ဝယ်ထားရှိမှုကြောင့် အဖမ်းခံရချိန်အထိ ယီမှာ အမြဲတမ်းနေထိုင်ခွင့် (Green Card)  ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ပြစ်ဒဏ်စေ့ပြီးနောက် ခံဝန်ချက်ချိုးဖောက်မှုကြောင့် ထပ်တိုးပြစ်ဒဏ် ကျခံခဲ့ရပြီးနောက်မှာတော့ သူ့ရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို ရုပ်သိမ်းခဲ့တာကြောင့် သူဟာ တရားဝင် အခြေအနေမဲ့ ဖြစ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

ရှေ့နေဖြစ်သူ လူးအန်းကတော့ ယီဟာ အဲဒီအချိန်ကစလို့ လူမှုအသိုင်းအဝန်းအတွင်း ငြိမ်းချမ်းစွာ နေထိုင်ခဲ့ပြီး ဘယ်သောအခါမှ အန္တရာယ်ရှိသူအဖြစ် သတ်မှတ်ခံရခြင်း မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါး အမှုစစ်ဆေးစဉ်အတွင်း ယီအတွက် ခမာဘာသာစကား စကားပြန် မရှိခဲ့တာကလည်း တရားမျှတစွာ စစ်ဆေးပိုင်ခွင့်ကို ငြင်းပယ်ခံရခြင်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

“ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ ICE အနေနဲ့ ကျမရဲ့ အမှုသည်ကို ဖမ်းဆီးဖို့ ဒါမှမဟုတ် ပြည်နှင်ဒဏ်ပေးဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့ပေမဲ့ အဲဒီလိုမလုပ်ဖို့ သူတို့ပဲ ရွေးချယ်ခဲ့တာပါ။ သူဟာ လူမှုပတ်ဝန်းကျင်အတွက် အန္တရာယ်မရှိဘူးလို့ သူတို့ အကြိမ်ကြိမ် ဆုံးဖြတ်ခဲ့ကြတာပါ။” 

Source: Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013