
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ် လှည့်ကင်းတွေက ဈေးဝယ်ပြန်လာသူတွေ အပါအဝင် လူငယ် ၂၀ ကျော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှာ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ကင်းဗျားကျေးရွာနဲ့ ချီပါကျေးရွာကနေ ဈေးဝယ်ပြန်လာတဲ့ အမျိုးသား ၂ ယောက် အပါအဝင် မြို့မဈေးကြီးရှေ့မှာ ၈ ယောက်၊ ရွှေဓားဘုန်းကြီးကျောင်းရှေ့မှာ ၄ ယောက်၊ ဆုတောင်းပြည့်ဘုရားအနီး လမ်းကွေ့မှာ ၄ ယောက်နဲ့ အောင်ချမ်းသာဈေးထိပ်လမ်းမှာ ၅ ယောက် စုစုပေါင်း လူငယ် ၂၀ ကျော်ကို စစ်ကောင်စီက နေရာအနှံ့ ပိတ်ဆို့ဖမ်းဆီးသွားတာလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၃၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး ဘာစစ်ဆေးမှုမှမရှိဘဲ တန်းပြီး ဖမ်းသွားတာဖြစ်ကာ ဖုန်း၊ ဆိုင်ကယ်နဲ့ ဈေးဝယ်လာတဲ့ ပစ္စည်းတွေပါ ယူသွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
ရွှေဘိုမြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ခရီးသွားလူငယ်တွေကို မကြာခဏ ဖမ်းဆီးလေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း မြို့ပေါ်နဲ့ အနီးဝန်းကျင်က လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါသေးတယ်။
အဲဒီလူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ရွှေဘို အမှတ် ၈ လေ့ကျင့်ရေးတပ်နဲ့ မုံရွာ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို ပို့ဆောင်ပြီး ၃ လကြာ စစ်သင်တန်းပေးနေတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေကတဆင့် သိရပါတယ်။
စစ်ကိုင်းမြို့မှာလည်း ပေါ်တာဆွဲခံရသူ ၂ ယောက်က တပ်မ ၅၅ ကို တာဝန်ပေးခံရပြီးတဲ့နောက် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) ကို ချိတ်ဆက်ကာ အလင်းဝင်လာတယ်လို့ တပ်ရင်းက ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ် ၁၀ လပိုင်းလောက်မှာ ပေါ်တာဆွဲခံရပြီး တပ်စုဆောင်းရေးမှာ ၁၀ ရက်ကြာကာ ရပ်စောက် ဗထူးတပ်မှာ ၃ လကျော်ကြာ အပတ်စဥ် ၁၈ အဖြစ် စစ်သင်တန်းတက်ရပြီး တပ်မ ၅၅ ကို ရောက်ချိန် ထွက်ပြေးဖို့ ပြင်ဆင်နေကာ ကလောကိုပြန်ရောက်ချိန် ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြေးလာတာလို့ သိရပါတယ်။
DSNDA ပြန်ကြားရေး တာဝန်ရှိသူက “မတရားဖမ်းဆီးခံရသူတွေက လွတ်မြောက်ဖို့ လမ်းစ ရှာတွေတဲ့သူလည်း ရှိသလို တချို့ကျတော့လည်း နောက်ပိုင်း ပြန်ဖမ်းဆီးခံရတာ၊ အကြောင်း ကြောင်းကြောင့် ထွက်ပြေးခွင့်မရတာမျိုးလည်း သိရတယ်။ ထွက်ပြေးလွတ်မြောက်လာခဲ့ရင် ကျနော်တို့ဆီလာဖို့ ဖိတ်ခေါ်တယ်။ ဖမ်းဆီးချုပ်နှောင်တာ မရှိဘူး၊ နေချင်တဲ့ နေထိုင်မှုပုံစံကို ဆောင်ရွက်ပေးမယ်။ ပြန်တော်လှန်ချင်တယ်ဆိုလည်း ဆောင်ရွက်စရာရှိတာ လုပ်ပေးပါမယ်” လို့ ပြောပါတယ်။
အလင်းဝင်လာသူတွေရဲ့ လုံခြုံရေးနဲ့ နေထိုင်မှုတွေအတွက် အစစအရာရာ တာဝန်ယူထားပြီး စစ်တပ်ကို ပြန်တော်လှန်သည်ဖြစ်စေ၊ မွေးရပ်ကို ပြန်သည်ဖြစ်စေ၊ တခြားဒေသကို သွားသည်ဖြစ်စေ တာဝန်ယူဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
နောက်ထပ် စစ်တပ်လက်အောက်ကနေ လွတ်မြောက်လိုသူတွေ အနေနဲ့လည်း DSNDA ကို ချိတ်ဆက်နိုင်သလို အလင်းဝင်လာသူတွေကို နွေးထွေးစွာ ကြိုဆိုမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ ၂၀၂၅ ခုနှစ် မတ် ၄ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ပေါ်တာဆွဲခံရသူတယောက် DSNDA ဆီ ထွက်ပြေးတိမ်းရှောင်လာခဲ့ပါတယ်။


