
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က အလုပ်သွားအလုပ်ပြန် လူငယ်တွေနဲ့ ခရီးသွားလူငယ်တွေ အပါအဝင် လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ အဖမ်းခံရသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
စစ်မှုထမ်း အပတ်စဥ် ၂၁ ကို စတင်နေပြီဖြစ်ပြီး စစ်မှုထမ်း အပတ်စဥ် ၂၂ အတွက် လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်ပါတယ်။
ရွှေဘိုမြို့ပေါ်က ကားကြီးဝင်းရှေ့၊ ဆုတောင်းပြည့်ကွေ့၊ စက်မှုဇုန်လမ်း၊ သက္ကယ်တန်း ချောင်းတံတား၊ ရွှေဘို-ရေဦးလမ်း၊ ရွှေဘို-ဆိပ်ခွန်လမ်းအထွက် ဝါစက်ရုံနားနဲ့ ရွှေဓားကျောင်းရှေ့ လမ်းတွေမှာ အများဆုံး ပေါ်တာဆွဲခံရတာလို့ ဖမ်းဆီးခံရသူ လူငယ်တယောက်ရဲ့ မိသားစုဝင်က ပြောပါတယ်။
စစ်တပ်လှည့်ကင်းက စက်မှုဇုန်လမ်း သက္ကယ်တန်း ချောင်းတံတားပေါ်က အလုပ်သွားနဲ့ ခရီးသွားလူငယ် ၂၅ ယောက်၊ ရွှေဘို-ဆိပ်ခွန်လမ်း ဝါစက်ရုံနားက ၅ ယောက်၊ ကားကြီးဝင်းနားနဲ့ တခြား အလုပ်သွား ခရီးသွားလူငယ် ၃၀ ကျော်ကို ဖမ်းဆီးသွားတာဖြစ်တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ဒါ့အပြင် တခြားမြို့နယ် ကျေးရွာတွေက ခရီးသွားလူငယ်တွေလည်း ပေါ်တာဆွဲခံရတဲ့အထဲ ပါဝင်ပြီး တပတ်အတွင်း စုစုပေါင်း လူငယ် ၅၀ ကျော်ကို စစ်တပ်လှည့်ကင်းက ဖမ်းဆီးပြီး လေ့ကျင့်ရေး တပ်တွေဆီကို ချက်ချင်းပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
အရင်ကတော့ ဖမ်းဆီးသွားရင် ရဲစခန်းကို ပို့ပေမဲ့ အခု ရဲစခန်းကိုမပို့ဘဲ တပ်တွင်းကို တန်းခေါ်သွားတာလို့ ပေါ်တာဆွဲခံရသူရဲ့ မိသားစုဝင်တယောက်က ပြောပါတယ်။
ရွှေဘိုမြို့မှာ စစ်တပ်က အစစ်အဆေး အမေးအမြန်းမရှိ ပေါ်တာဆွဲ ဖမ်းဆီးနေလို့ မြို့မှာရှိတဲ့ လူငယ်တွေက နီးစပ်ရာ မြို့နယ် ကျေးရွာတွေမှာ ပြောင်းရွှေ့နေထိုင်တာတွေ ရှိလာတာကြောင့် မြို့တွင်းမှာ လုပ်သားရှားပါးနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အလားတူ ရန်ကုန်မှာ ဧရာဝတီတိုင်းကနေ အလုပ်သွားလုပ်နေတဲ့ အရပ်သား လူငယ် ၂ ယောက် ပေါ်တာအဆွဲခံရပြီး မိသားစုနဲ့ အဆက်အသွယ် ပြတ်နေတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နဲ့ ငပုတောမြို့နယ်ကနေ ရန်ကုန်တိုင်း၊ လှိုင်သာယာမှာ အလုပ်သွားလုပ်နေတဲ့ အရပ်သား လူငယ် ၂ ယောက်ကို ဖေဖော်ဝါရီ ၁ ရက် ညနေ ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေပါတဲ့ အဖွဲ့က လှိုင်သာယာ ရွှေလင်ဗန်း စက်မှုဇုန်အနီးမှာ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ကားတစီးပေါ် အတင်းခေါ်တင်သွားတာ တွေ့ရတယ်။ အပြစ်တခုခုရှိလို့ ဖမ်းတာလို့ ထင်တာ။ မနေ့က ညနေပိုင်းကျတော့ ကိုယ့်ရပ်ကွက်ထဲက ကလေးတွေ။ ဧရာဝတီတိုင်းကနေ အလုပ်လာလုပ်နေတာ။ ပေါ်တာအဆွဲခံရတာကို သိတာ” လို့ ပြောပါတယ်။
အဲဒီ အဓမ္မ ပေါ်တာဆွဲ ဖမ်းခေါ်ခံရတဲ့ လူငယ် ၂ ယောက်ဟာ အသက် ၂၀ ကျော်အရွယ် ကိုသူရလင်းနဲ့ အသက် ၂၅ ကျော်အရွယ် ကိုလွင်ကိုကို တို့ဖြစ်ပါတယ်။
ပေါ်တာဆွဲခံရတဲ့သူနဲ့ မိသားစုတော်စပ်သူတယောက်က “ကလေးတွေက သူတို့ကို စစ်တပ်က ပေါ်တာဆွဲတာ သူတို့ ဖုန်းခိုးဆက်လို့ သိရတာ။ အခုတော့ ဖုန်းက ဆက်မရတော့ဘူး။ ဘယ်ပို့မလဲ မသိဘူး။ ကလေးတွေက စစ်ဘေးရှောင်ရင်း အလုပ်သွားလုပ်နေကြတာ” လို့ ပြောပါတယ်။
အဲဒီ လူငယ် ၂ ယောက်ကို အရပ်သားကားတစီးပေါ်ကို စစ်ဝတ်စုံနဲ့သူတွေ၊ အရပ်ဝတ်နဲ့သူတွေ ၆ ယောက်လောက်က အဓမ္မ ဖမ်းခေါ် ပေါ်တာဆွဲသွားတာလို့ တွေ့ရှိသူတွေဆီက သိရပါတယ်။
အဲဒီလို အတင်းအဓမ္မ ပေါ်တာအဆွဲခံရတဲ့ ဧရာဝတီတိုင်းက လူငယ် ၂ ယောက်ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကို ပြောင်းရွှေ့ အလုပ်လုပ်နေတာ တနှစ်ကျော်ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလကလည်း ကျိုက်လတ်မြို့နယ်ကနေ ရန်ကုန်မှာ အလုပ်သွားလုပ်နေတဲ့ လူငယ်တယောက် ပေါ်တာအဆွဲခံရပြီး စုဆောင်းထားတဲ့ နေရာကနေ ထွက်ပြေးပြီး နေအိမ်ကို လွတ်မြောက်ခဲ့ပါတယ်။


