
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို နေ့ရော ညပါ လှည့်ကင်းတွေနဲ့ပတ်ပြီး မြို့ကိုထိန်းချုပ်ထားပေမဲ့ မြို့ထဲမှာတော့ တန်ဖိုးကြီး ဆိုင်ကယ်တွေနဲ့ ဖုန်းတွေအပြင် တခြားပစ္စည်းတွေပါ ခိုးယူ လုယက်မှုတွေ နေ့စဉ် ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ အထင်ကရနေရာတွေဖြစ်တဲ့ အောင်ဇေယျာဈေး၊ မြို့မစျေး၊ ဆေးရုံ၊ ကားဂိတ်၊ ပွဲရုံ၊ ချမ်းသာကြီး ချမ်းသာရ ဘုရားအနီးတဝိုက်နဲ့ လူစည်ကားရာ လမ်းမတော်လို နေရာမျိုးတွေမှာ ခိုးမှုအများဆုံး ဖြစ်ပွားနေပြီး လုယက်မှုတွေကတော့ ရွှေဘို-ရေဦးလမ်း၊ ကန်တော်ကြီး၊ မြို့ထောင့်စေတီအနီး၊ စက်မှုဇုန်လမ်း၊ မြို့အဝင် စစ်တပ်ဂိတ်နားမှာ အများဆုံးဖြစ်ပွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
မြို့ခံတယောက်က “ဆိုင်ကယ်နဲ့ ဖုန်း အခိုးခံရတယ် ဆိုတာကတော့ နေ့တိုင်းကြားနေရတာ။ ခိုးတဲ့သူက တယောက်တည်း မဟုတ်ဘူး၊ ၇ ယောက် ၈ ယောက် အဖွဲ့လိုက် လိုက်ခိုးနေတယ်လို့ ကြားတယ်။ တန်ဖိုးကြီးပစ္စည်းအပြင် ကုန်ပစ္စည်းတွေပါ အခိုးခံနေရတာ၊ ၂ ယောက် ၃ ယောက်က စျေးဝယ်မဲ့ ပုံစံနဲ့ ဈေးမေး ဈေးဆစ်၊ ကျန်တဲ့လူက ခိုးတာ၊ ဆိုင်ရှေ့ထားတဲ့ ဆိုင်ကယ်နဲ့ ကုန်ပစ္စည်း ရရာခိုးတာ၊ ဆိုင်က ဝယ်ပြီးသားကုန်တွေရောင်းဖို့ ဈေးခင်းထားတဲ့ကုန်တွေ အထုပ်လိုက် အခိုးခံရတယ်၊ ပြန်ရတာမရှိဘူး” လို့ ပြောပါတယ်။
ရွှေဘိုမြို့မှာ တန်ဖိုးကြီးပစ္စည်းတွေအပြင် ကုန်ပစ္စည်းတွေပါ အခိုးခံနေရတာနဲ့ပတ်သက်လို့ ရဲနဲ့ စစ်တပ်ကို တိုင်ကြားခဲ့ကြပေမဲ့လည်း အရေးယူ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။
ဆိုင်ကယ်အလုခံရသူတယောက်က “မြို့က ဈေးဝယ်ပြီးပြန်တာ လူ ၂ ယောက်က တားတာ၊ တယောက်က ဆိုင်ကယ်ပေါ်က မဆင်းဘူး၊ တယောက်က သူတို့ဆိုင်ကယ် ဆီပြတ်သလို ဘာလိုနဲ့ တားတာ၊ ဆိုင်ကယ်ရပ်ရပ်ချင်း လူဆွဲချပြီး စီးပြေးတာ၊ ၂ ယောက်တည်း မဟုတ်ဘူး၊ အလုခံရတဲ့နေရာနဲ့ ရှေ့နောက်မှာ ဆိုင်ကယ်တစီးနဲ့ လူ ၂ ယောက်စီ ရပ်ကြည့်နေတာ တွေ့ရတယ်။ စစ်တပ်ဂိတ်နဲ့လည်း မဝေးလို့ အကူအညီတောင်းတာ ကျနော်တို့နဲ့ မဆိုင်ဘူး၊ ရဲစခန်းကို သွားပြော ဆိုပြီး ခိုင်းတယ်။ ရဲစခန်း သွားတိုင်တော့လည်း နောက်ရက်မှလာခဲ့ပြောပြီး နောက်ကျတော့လည်း စုံစမ်းနေတယ်လို့ပဲ ပြောတယ်၊ ဘာမှလုပ်မပေးဘူး” လို့ ပြောပါတယ်။
ရွှေဘိုမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲနဲ့ စစ်သားတွေက မြို့အဝင်အထွက်ဂိတ်တွေနဲ့ မြို့ထဲမှာ လှည့်ကင်း ပတ်ကင်းတွေ ပတ်၊ လှည့်လည်ပြီး စစ်ဆေးမှုတွေကို တင်းကျပ်စွာ လုပ်ဆောင်နေပေမဲ့ မြို့တွင်းမှာတော့ ခိုးမှု လုယက်မှုတွေက နေ့စဥ် ဖြစ်ပွားနေတာလို့ သိရပါတယ်။


