
ရွှေဘို-စစ်ကိုင်း ခရိုင်ချင်းဆက်လမ်း ပြီးခဲ့တဲ့ ၂ ရက်လောက်က ပြန်ဖွင့်ပေးပေမဲ့ လမ်းမကြီးတွေ ပိတ်ထားဆဲဖြစ်ကြောင်း ကုန်သည်လုပ်ငန်းရှင်တွေနဲ့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
ကုန်သည်လုပ်ငန်းရှင်တယောက်က “ရွှေဘိုနဲ့ စစ်ကိုင်းကြားတော့ ပြန်ဖွင့်လိုက်ပြီလို့ ပြောတယ်။ အပေါ်ဘက်ပိုင်း ရွှေဘို (မြစ်ကြီးနား) လမ်းကတော့ အခုထိ မဖွင့်သေးဘူး” လို့ ပြောပါတယ်။
ကွင်းလမ်းကနေပဲ သွားနေတုန်းပဲ ရှိသေးပြီး တွဲကားတွေက ကွင်းလမ်းကနေ သွားလို့ အဆင်မပြေဘဲ ၁၂ ဘီးကားတွေလောက်ပဲ တက်လို့ရတယ်လို့ သူက ပြောပါတယ်။
ကုန်တင်ယာဉ်မောင်းတယောက်က “မြစ်ကြီးနားလမ်း သွားတယ်။ ဒါပေမဲ့ ကွင်းလမ်းကနေ သွားနေတာ။ ရွှေဘိုကနေ မြစ်ကြီးနားလမ်းက မိန်းလမ်းက ပြန်ပိတ်သွားရော၊ ကွင်းလမ်းကနေ ပြန်လွှတ်တယ်” လို့ ပြောပါတယ်။
ကွင်းလမ်းကနေ တွဲကားတွေက အသွားနည်းပြီး သွားရတာ ခက်ခဲတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်လောက်က ပြည်ထောင်စုလမ်းမကြီး မဟုတ်တဲ့ ခရိုင်ချင်းဆက်လမ်းကြောင်း မြင်းမူ-ထီးဆောင်း-အရာတော်-နောင်ကြီးအိုင် ကနေ ရွှေဘိုလမ်းကို စစ်ကောင်စီတပ်က ပြန်ဖွင့်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၇ ရက်မှာတော့ မန္တလေး-ရွှေဘို ပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်ပေးမယ်လို့ သတင်းထွက်နေပြီး သေချာ၊ မသေချာ စောင့်ကြည့်နေဆဲလို့ ယာဉ်မောင်းတွေက ပြောပါတယ်။


