Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ၃ မြို့နယ်ကို  စစ်တပ်ကဗုံးကြဲ၊ ကလေး အပါအဝင် ၁၀ ဦး သေဆုံး
DVB
·
January 6, 2026

စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ခင်ဦးနဲ့ ကသာမြို့နယ်တို့ကို ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးတယောက် အပါအဝင် ၁၀ ယောက် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၆ ရက် နေ့လယ်ပိုင်းမှာ ဝက်လက်မြို့ အရှေ့တောင်ခြမ်းက ပေါက်ကန်ဘူတာရွာကို စစ်ကောင်စီရဲ့ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံး ၃ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

လေယာဉ် ဗုံးကြဲချိန် ထွက်ပြေးတိမ်းရှောင်ဖို့ အချိန်မရလိုက်တာကြောင့် အရပ်သား ထိခိုက်သေဆုံးခဲ့တာလို့ ဝက်လက် ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ရွာနီးချုပ်စပ်မှာ တိုက်ပွဲ ဖြစ်တာလည်း မရှိဘူး၊ စစ်ကြောင်းထိုးလာတာလည်း မရှိဘဲနဲ့ကို သက်သက်မဲ့ လေကြောင်းနဲ့ ဗုံးကြဲသွားတာ။ လေယာဉ်သံကြားတော့ အကုန်လုံးက ပြေးဖို့ တိမ်းဖို့ ရှောင်ဖို့ လုပ်နေတဲ့အချိန် ခဏလေးအတွင်းမှာပဲ ဗုံး ၃ လုံး ကြဲချတာ အကုန်ထိခိုက် သေဆုံးကုန်တာ။ ၃ ဦး ဆုံးတယ်၊ တဦးက ခေါင်းမှာ ထိထားတယ်။”

ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လနဲ့ချီကြာ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေပြီး မြို့အရှေ့ခြမ်း ဧရာဝတီမြစ်ဘေးတလျှောက်က ရွာတွေကို ပိုပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်နေသလို မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာကြောင့် အရှေ့ခြမ်း ရွာပေါင်း ၂၀ ထက်မနည်းက ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ တလအတွင်း ဝက်လက်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၈ ယောက် သေဆုံးခဲ့ပြီး အများအပြားလည်း ထိခိုက်ခဲ့တယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၅ ရက် မနေ့ည ၈ နာရီခန့်မှာလည်း ခင်ဦးမြို့နယ် အရှေ့ခြမ်း ကုန်းကြီးရွာက စစ်ဘေးဒုက္ခသည် ခိုလှုံနေတဲ့ စာသင်ကျောင်းနေရာကို  စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ စစ်ရှောင် ၅ ယောက် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၅ ရက် နေ့ဘက်မှာလည်း ကောလင်း၊ ကျွန်းလှ၊ ကသာ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကသာမှာတော့ ကလေးတယောက်အပါအဝင် ၂ ယောက် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒီရက်ပိုင်း ကသာမြို့သိမ်းတိုက်ပွဲ အနည်းငယ် ငြိမ်သက်နေပေမဲ့ စစ်ကောင်စီတပ်ကတော့ နေ့စဉ် လေကြောင်းနဲ့ အပြင်းထန် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“မြို့ရဲ့ မြောက်ဘက်ခြမ်းနဲ့ အင်းတော်သွားတဲ့ အနောက်ဘက်ခြမ်းက ရပ်ကွက်တွေကို တော်လှန်ရေးတပ်တွေက ထိန်းထားတယ်။ ၃၀၉ တပ်ရင်းနဲ့ အဲတဝိုက်ကိုတော့ စစ်ကောင်စီက အခုထိ ထိန်းချုပ်ထားဆဲလို့ ပြောလို့ရတယ်။ တိုက်ပွဲတွေက ဒီရက်ပိုင်းတော့ ငြိမ်းနေတာ၊ တိုက်ပွဲငြိမ်ပေမဲ့ ဗုံးကြဲတာက နေ့တိုင်းကို ကြဲနေတာ။ ကလေးတယောက်နဲ့ အမျိုးသားတယောက် သေတယ်။”

လေကြောင်း တိုက်ခိုက်မှုကြောင့် နတ်ကြီးကုန်းရွာက အသက် ၁၀ အရွယ် ကလေးတယောက်နဲ့ ဟဲနားရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက် သေဆုံးခဲ့ပြီး ကသာမြို့ပေါ် ရပ်ကွက်က နေအိမ်တချို့လည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

စစ်ကိုင်း၊ မကွေးလို အညာဒေသ အပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလအတွင်း အရပ်သား ၁၆၇ ယောက် သေဆုံးခဲ့ပြီး ညသန်းခေါင် လူအိပ်ချိန်ကို တမင်ရွေးပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013