
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုမှာ ဒဏ်ရာရသွားတဲ့ အရပ်သားတယောက် ဇန်နဝါရီ ၅ ရက် မနေ့ ညပိုင်းမှာ ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ကျင်းကန်ကြီးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အသက်မပြည့်သေးတဲ့ ကလေး ၄ ယောက်အပါအဝင် သေဆုံးသူ ၉ ယောက် ရှိခဲ့တာကနေ မနေ့ညပိုင်းမှာပဲ အသက် ၅၄ နှစ်အရွယ် ဦးဝင်းနိုင် ထပ်မံသေဆုံးသွားတာလို့ ဆိုပါတယ်။
လင်းသာရပ်ကွက် ဒေသခံတယောက်က “မနေ့ ညက ၇ နာရီလောက်မှာ ဆုံးသွားတယ်။ ဒဏ်ရာရသူတွေကတော့ ဆေးကုသမှုခံယူနေကြပါတယ်။ သေဆုံးသွားတဲ့ ဦးဝင်းနိုင်က မီးလောင်ဒဏ်ရာတွေကော တခြားဒဏ်ရာတွေကြောင့် အခြေအနေဆိုးလို့ သေသွားတာ။ TV ကြည့်နေတဲ့ အိမ်ပိုင်ရှင်တော့မဟုတ်ဘူး။ ညကျရင် DVB သတင်းကို ကြည့်နေကြတာ”လို့ ကိုပြောပါတယ်။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသွားသူတွေကတော့ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာက မနွယ်နွယ်မျိုး (၄ နှစ်)၊ မောင်လှထွန်းနိုင် (၁၀) နှစ်၊ မောင်သက်နိုင်ထွန်း (၁၂) နှစ်၊ မောင်သက်နိုင်ဦး (၁၅) နှစ်၊ မနွယ်နီဦး (၂၃) နှစ်၊ မဝင်းဝင်းရွှ (၃၃) နှစ်၊ ဦးတင်မြင့် (၃၅) နှစ်၊ ဒေါ်သောင်းမော် (ခ) မိသုံးပုံ (၃၅) နှစ်၊ ဦးစိုးကျော်ဝင်း (၃၆) နှစ်တို့ ဖြစ်ကြပါတယ်။
ဒဏ်ရာရတွေကတော့ ကျင်းကန်ကြီးရွာက မောင်ထွန်းထွန်းဝင်း (၁၃)နှစ်၊ ကိုကျော်ဝင်းနိုင်(၂၀)နှစ်၊ ဦးဝင်းနိုင်(၅၆) နှစ် (မနေ့ညက သေဆုံး)၊ ဦးမောင်နိုင်နိုင် (၃၁) နှစ်၊ ဦးမောင်ငို (၃၅) နှစ်၊ ဦးအုန်းကျော်မြင့် (၄၀) နှစ်၊ ဦးသိန်းထွန်းဦး (၄၈) နှစ်၊ ဦးကိုလင်း (၄၈) နှစ်၊ ဦးဖိုးဝင်း (၇၃) နှစ်၊ ဦးမောင်သာဖြူ (၄၆) နှစ်၊ ဒေါ်ဝင်းဝင်းဇော် (၃၁) နှစ်၊ ဒေါ်ပပလင်း (၄၈) နှစ်၊ ဒေါ်ပုံချီ (၆၃) နှစ်၊ ဒေါ်မတင် (၈၁) နှစ်တို့ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ မိသားစု ၅ ဝင်ယောက်အပါအဝင် ၈ ယောက် ပွဲချင်းပြီး သေဆုံးတာဖြစ်ပြီး ဗုံးဒဏ်ကြောင့် နေအိမ် ၁၂ လုံးထက်မနည်း ပျက်စီးသွားတာလို့ သိရပါတယ်။


