
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ဟောတာနဲ့ ဟိုင်ဖိုင် ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၄ ရက် ညသန်းခေါင်ချိန်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူနဲ့ ကလေး ၂ ယောက် အပါအဝင် ၃ ယောက် သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
လူတွေ အိပ်စက်အနားယူချိန် ည ၁၂ နာရီခန့်မှာ ဂျက်တိုက်ခိုက်ရေးလေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ဟောတောရွာက အိမ်ခြံဝန်းတခုမှာ ကျရောက်ပေါက်ကွဲပြီး မိခင်ဖြစ်သူနဲ့ ကလေး ၂ ယောက် နေရာမှာတင် သေဆုံးခဲ့ကာ ဖခင်ဖြစ်သူကတော့ အပြင်းအထန် ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တာလို့ စစ်ရေး သတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။
“အဲဒီ ရွာနီးချုပ်စပ်နဲ့ အနီးနားတဝိုက်မှာလည်း နှစ်ဖက် စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်တာမျိုး မရှိဘူး။ ဘာတိုက်ပွဲမှ မရှိဘဲကို လူတွေ အိပ်နေမဲ့အချိန်ကို ရွေးပြီး တမင်ကို လာပစ်သွားတာ။ မိသားစုတစုက အမေရော ကလေးတွေပါ သေဆုံးသွားတယ်။ အဖေဖြစ်သူကတော့ မိုင်းစတွေ တော်တော်များများ ထိထားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတာရှိတယ်။”
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘေးချင်းကပ်ရှိနေတဲ့ ဟောတာနဲ့ ဟိုင်ဖိုင် ရွာ ၂ ခုလုံးမှာ နေအိမ်တချို့ ပျက်စီးခဲ့ပြီး ဒေသခံတွေကတော့ လေကြောင်းရန် ထပ်လာမှာကို စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မပြုလုပ်ခင် ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ဟားခါးမြို့ပေါ်က ခြေလျင်တပ်ရင်း ခလရ ၂၆၆ တပ်ရင်း၊ ဆက်သွယ်ရေးနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ရုံး ၂ နေရာကို ဟားခါး CDF တပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။
ချင်း၊ စစ်ကိုင်း၊ မကွေး အပါအဝင် နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာလအတွင်း အရပ်သား ၁၆၇ ယောက် သေဆုံးခဲ့ပြီး ညသန်းခေါင် လူအိပ်ချိန်ကို တမင်ရွေးပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုမိုလုပ်ဆောင်လာတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDIS) က ဒီနေ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။


