
စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်ထဲက ပဲခူးရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဇန်နဝါရီ ၂ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ကျောင်းသူ တယောက် အသက်သေဆုံးခဲ့ရပြီး ၂ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးသွားတဲ့ ကျောင်းသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကျောင်းသူတွေဟာ တခြားရွာကနေ ပဲခူးရွာကို ကျောင်းလာတက်နေသူတွေဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
“Grade-12 ကျောင်းသူတယောက် အသက်ဆုံးရှုံးတယ်။ နောက် ကျောင်းသူ ၂ ယောက် ထိခိုက်ဒဏ်ရာရတယ်။ အဲဒီကျောင်းသူတွေကတော့ တခြားရွာက ကျောင်းသူတွေ။ အဲဒီပဲခူးရွာမှာ ကျောင်းအိပ်ကျောင်းစား သဘောမျိုးနဲ့ လာရောက်နေထိုင်နေတဲ့သူတွေ။”
အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောင်းသူဟာ တောင်ဖီလာကျေးရွာကနေ ပဲခူးရွာမှ ကျောင်းလာတက်နေတဲ့ ကျောင်းသူဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိတဲ့ ကျောင်းသူ ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်တဲ့အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်တာကြောင့် စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ပဲခူးရွာဟာ မော်လူးမြို့ အနောက်ဘက်ခြမ်းမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီးတော့ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့နယ်ကို တော်လှန်ရေးတပ်က ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် အင်းတော်မြို့ဟာ စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်ဖြစ်လာပြီး စစ်တပ်က မကြာခဏ လေကြောင်းတိုက်မှုတွေ ပြုလုပ်လေ့ရှိ ပါတယ်။


