
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီမှာ ဗုံးကြဲချလို့ ပြည်သူတယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လာရောက်တိုက်ခိုက်သွားတဲ့ လေယာဉ်ဟာ ဂျက်ဖိုက်တာအမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
မျက်မြင်တွေ့ခဲ့ရသူတယောက်က “ညောင်ကုန်းရွာအဝင်ကို စစ်တပ်က လေယာဉ်နဲ့ ၃ ကြိမ် ပစ်ပါတယ်ဗျ။ ဆိုင်းဘုတ်အနီးမှာ ဖွင့်ထားတဲ့ ဝိုင်းလေး စားသောက်ဆိုင်ကို တည့်တည့်ကြဲချသွားတာ။ ဗုံးသီး ၄ လုံး ကြဲချတာဗျ။ နောက်အခေါက်ကျတော့ စက်လတ်နဲ့ရော ရော့ကက်နဲ့ပါ ပစ်သွားတာ။ ပစ်ပစ်ချင်းတော့ ဖုန်တွေကို လုံးတက်သွားတာ ဘာမှကိုမမြင်ရဘူး။ ခဏကြာမှ ဗီဒီယိုဖိုင်ထဲမှာ မြင်တဲ့အတိုင်းပဲဆရာရေ။ ပြည်သူတဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်ဗျ။ ဒဏ်ရာရ ၅ ဦးထဲက ၂ ဦးကတော့ အသက်အန္တရာယ်အတွက် စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
ညောင်ကုန်းရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ကြောက်လန့်နေကြပြီး ရွာအတွင်းကနေ ထွက်ပြေးတိမ်းရှာင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တယောက်က “စစ်တပ်ကတော့ လေကြောင်းကနေပဲ တိုက်ခိုက်နေတာက ပုံမှန်အနေအထားတောင် ဖြစ်နေပါပြီ။ ကျနော်တို့အနေနဲ့ကတော့ ပြည်သူတွေအနေနဲ့ မပေါ့စကြဘဲ အမြဲတမ်း လေကြောင်းသတိ၊ လေကြောင်းအသိ ရှိကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
မြိုင်မြို့နယ်အတွင်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေတဲ့ နေရာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


