
နှစ်သစ်ကူးညဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်မှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၇ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကောင်စီက ဒီဇင်ဘာ ၃၁ ရက် ည ၇ နာရီခွဲခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၇ ဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ သံတွဲမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနေ့ည စစ်ကောင်စီ ဗုံးကြဲမှုမှာ အရပ်သား ၃ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့တာရှိတယ်။ လူနေအိမ်လည်း ၇ ဆောင် မီးလောင်ပျက်စီးသွားတာ ရှိတယ်။ သံတွဲမြို့ခံတွေကတော့ အတော်လေးကို စိုးရိမ်စိတ်တွေနဲ့ နေကြရတယ်။ ညဆိုရင် အိမ်ပေါ်မှာတောင် မအိပ်ရဲတော့ဘဲ ဗုံးခိုကျင်းတွေမှာ ဆင်းပြီး အိပ်နေကြရတဲ့ အနေအထားမှာ ရှိတယ်။ တချို့လူတွေကလည်း မြို့ပေါ်တွေမှာ မနေရဲတော့ဘဲ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြတာတွေရှိတယ်။”
သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေအထဲ အမျိုးသမီးတွေ ပါဝင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၉ ယောက် သေဆုံးပြီး နောက်ထပ် ၁၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသကို အပစ်အခတ် ရပ်စဲလိုက်ပြီးနောက် ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တို့မှာလည်း မြောက်ဦးပြည်သူ့ဆေးရုံနဲ့ ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၀၀ နီးပါး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အမြဲတမ်း သတိထားကြဖို့ အာရက္ခတပ်တော် (AA) က တိုက်တွန်းထားပါတယ်။


