စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်း၊ မူးကမ်းကြီးရွာက စစ်ရှောင်တွေ တည်းခို နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁ ရက် ည ၇ နာရီခွဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အနည်းဆုံး ၇ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံ ရွာသားတယောက်က “စစ်ဘေးရှောင်ပြည်သူတွေရှိရာ အထက်တန်းကျောင်းထဲကို စကစဘက်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံးကြဲသွားပါတယ်။ စာသင်ကျောင်း အရှေ့တောင် ထောင့်ဘက်ကို ကျတယ်။ ပြည်သူ ၇ ဦးထက်မနည်း ကျည်စထိထားပါတယ်ဗျ။ အသေ အပျောက်တော့ မရှိဘူး။ ဒဏ်ရာရသူတွေကို ဆေးဝါးကုသနိုင်ဖို့ ကူညီကယ်ဆယ်ရေးဘက်က ကယ်ဆယ်သွားပြီ” လို့ ပြောပါတယ်။
ဗုံးကြဲသွားတဲ့ အဆိုပါလေယာဉ်ဟာ တံတားဦးကတက်လာတဲ့ ဂျက်တိုက်လေယာဉ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီပဲယင်းမြို့နယ် ပကဖအဖွဲ့ဝင်တယောက်က “တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲချသွားတာ။ စစ်ရှောင်တွေနေတဲ့ အရပ်သားပစ်မှတ်ကို ပစ်သွားတာ။ မြို့နယ်တိုင်းလိုလို လေကြောင်းအန္တရာယ် သတိပေး၊ အချက်ပြစနစ်တွေ ရှိကြပါတယ်။ (--)ကတော့ (--)အလုပ် (--)လုပ်ကြမှာပဲ။ ကိုယ့်ပြည်သူတွေအနေနဲ့ လေကြောင်း အချက်ပြစနစ်ကို အထူးဂရုစိုက်ကြဖို့ပဲ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက် ညပိုင်းကလည်း ဒီပဲယင်းမြို့နယ်၊ မရကန်ရွာကို လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၉ ယောက်အထိ သေဆုံးခဲ့ရပါတယ်။
သြဂုတ် ၁၈ ရက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့ အထင်နဲ့ မူးကမ်းကြီးရွာက ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးတပါး အပါအဝင် ၇ ယောက် သေဆုံးခဲ့ ပါတယ်။






