စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မဲသည်ကျေးရွာကို ဇန်နဝါရီ ၂ ရက် ည ၁၀ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့ညမှာ လာရောက်တိုက်ခိုက်ခဲ့တဲ့ လေယာဉ်ဟာ ဂျက်ဖိုက်တာ အမျိုးအစားဖြစ်ပြီး ပေါင် ၃၀၀ ဗုံးအပါအဝင် ရော့ကက်တွေကိုပါ အသုံးပြုပစ်ခတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ တယောက်က “ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ပစ်သွားတာပါ။ မိသားစုတစုရဲ့ အိမ်ကို တည့်တည့် ထိမှန်သွားပြီး နေရာမှာတင် သေဆုံးခဲ့ရတာပါ။ သေဆုံးသူက ၃ ယောက်ပါ” လို့ ပြောပါတယ်။
သေဆုံးသူတွေကတော့ ကိုမင်းဌေး၊ မဖြူသီးနဲ့ သူတို့ရဲ့ သားဖြစ်သူ မောင်ပိုင်ဇေတို့ဖြစ်ပြီး နေအိမ်ထဲမှာပဲ နေရာတင် သေဆုံးခဲ့ရတာလို့ သိရပါတယ်။
ဒဏ်ရာ ရရှိသူတွေကတော့ ကိုကျော်ဇောဦး၊ မနီလာဝင်း၊ ကိုမျိုးကျော်၊ မယမင်းသူ၊ ကိုအောင်မင်းထွန်း၊ ကိုဖိုးဇော်နဲ့ ဦးမြဌေးတို့ ဖြစ်တယ်လို့ ကန့်ဘလူမြို့နယ် ဒေသခံတယောက်က DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းအတွင်းမှာ မြေပြင်စစ်ကြောင်းတွေ မထိုးသွားတော့ဘဲ လေကြောင်းကနေပဲ နေ့စဉ်လိုလို ဗုံးကြဲပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကန့်ဘလူမြို့နယ် ပအဖ တာဝန်ရှိသူ တဦးက “တိုက်ပွဲတွေက ကသာဘက်မှာ ဖြစ်နေတာပါ၊ ကျနော်တို့ဘက်ကတော့ စစ်ရေးအေးနေပါတယ်။ ဒါကို အကြောင်းမဲ့ လာပြီး ဗုံးကြဲသွားတာပါ။ ဒဏ်ရာရသူတွေကို ဆေးကုသပေးနေပြီး ရွာထဲမှာ လူနေအိမ် ၁၀ လုံးလောက် မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီလို စစ်တပ်ရဲ့ မတရားကျူးလွန်မှုတွေကို တရားဥပဒေအရ ဖြေရှင်းနိုင်ဖို့ မှတ်တမ်းတင်ထားပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၂၇ ရက်နေ့တွေမှာလည်း ကန့်ဘလူ၊ ရွှေဘိုနဲ့ ခင်ဦး မြို့နယ်အစပ်က ခင်ဦးလမ်းဆုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရသလို စက်သုံးဆီကားတွေ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။







