စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို ဇန်နဝါရီ ၅ ရက် ညဦးပိုင်းမှာ စစ်ကောင်စီတပ်က တိုက် လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ထိခိုက်သေဆုံးသူများတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ခင်ဦးမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကုန်းကြီးရွာ စာသင်ကျောင်းနားကို စစ်တိုက်လေယာဥ်က ဗုံးကြဲသွားတာလို့ ဒေသခံက ပြောပါတယ်။
People Defense Comrade ရဲ့ တာဝန်ခံ ကိုထူးခန့်ဇော်က “စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကုန်းကြီးရွာစာသင်ကျောင်းနားကို ဗုံးကြဲသွားတာ ၈ နာရီခွဲလောက်ကပါ။ အဲ့ဒိရွာက စာသင်ကျောင်းနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေအများအပြား သေဆုံးတာများပြီး ခြေပြတ်လက်ပြတ်နဲ့ ဒဏ်ရာရသူတွေလည်းများတယ်”လို့ ပြောပါတယ်။
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းတွေဟာ စစ်ရေးပစ်မှတ် မဟုတ်သလို အခုလို လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ဗုံးလာကြဲတဲ့ အဆိုပါဂျက်တိုက်လေယာဥ်ဟာ တံတားဦးလေတပ်စခန်းကနေ တက်လာတာလို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောပါတယ်။
ဒီဇင်ဘာ ၁၇ ရက်ကလည်း ခင်ဦးမြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကူးဆိပ်ကမ်းကို လေကြောင်း တိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင် ၈ ယောက် သေဆုံးခဲ့ရသလို ဒီဇင်ဘာ ၁၈ ရက်ကလည်း ခင်ဦးမြို့နယ်ထဲက မြေနီသျှိုလမ်းဆုံကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ခရီးသွားပြည်သူ ၅ ယောက် သေဆုံးခဲ့ပါတယ်။
ဒီဇင်ဘာ ၂၇ ရက်မှာလည်း အဆိုပါ မြေနီသျှိုလမ်းဆုံကို စစ်တပ်က လေယာဥ်နဲ့ ထပ်မံဗုံးကြဲခဲ့လို့လည်း ပြည်သူ ၉ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရရှိခဲ့ပါတယ်။










