
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင် မင်းကုန်းကျေးရွာမှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်အနီးက ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့ အမျိုးသားတယောက် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်ညနေ ၆ နာရီကျော်မှာ ဆိပ်ခွန်ကျေးရွာနေ အသက် ၆၄ နှစ်အရွယ် ဦးစိုးတင့်ဟာ ရွှေဘိုမြို့ကနေ ဆိပ်ခွန်ရွာပြန်လာစဥ် မင်းကုန်း စစ်တပ်ဂိတ်အနီး မင်းကုန်းနဲ့အိုးဘိုကြားရှိ တံတားအနီးမှာ မိုင်းနင်းမိပြီး သေဆုံးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ပေါက်ကွဲသံတော့ ကြားလိုက်တယ်၊ မင်းကုန်းဂိတ်က လက်နက်ကြီးပစ် စစ်ကြောင်းထွက်တာ မှတ်နေတာ။ နောက်ထပ် အသံမကြားလို့ စုံစမ်းကြည့်တော့ လူတယောက် ရွှေဘိုကနေ သူ့ရွာကိုပြန်တာ မိုင်းနင်းမိတာ။ ပေါင်မိုင်းစမှန် လဲကျစဥ် ဦးခေါင်းလမ်းနဲ့ရိုက်မိတာ၊ ဒဏ်ရာက ပြင်းတော့ ပွဲချင်းပြီး သေသွားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုကလည်း ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်က အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက် မင်းကုန်းရွာစစ်တပ်ဂိတ်အနီးရှိ မင်းကုန်းရွာ နဲ့ အိုးဘိုရွာကြားမှာ ညပိုင်းဖြတ်သွားချိန် မိုင်းနင်မိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါနေရာအနီးတဝိုက်မှာ ညပိုင်ဖြတ်သွားစဉ် မိုင်းနင်းမိပြီး မိုင်းစထိမှန်တာကြောင့် အမျိုးသမီး တယောက်နဲ့ အမျိုးသား ၄ ယောက်လည်း ဒဏ်ရာရခဲ့ဖူးတယ်လို့ ဆိုပါတယ်။
မိုင်းအန္တရာယ်ကြောင့် ရွှေဘို-မင်းကုန်း-ဆိပ်ခွန်သွားလမ်းပိုင်း အသုံးပြုသူ ခရီးသွားတွေဟာ ညပိုင်းအချိန်တွေ ဖြတ်သန်းသွားလာမှု မလုပ်ကြတော့ဘူးလို့ သိရပါတယ်။


