
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းအုပ်စု၊ အောင်ချမ်းသာကျေးရွာ၊ နန်းချိုချောင်းရေကျော်မှာ ဂိတ်ချပြီး ဆက်ကြေးတောင်းနေတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက် သေဆုံးတယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အဓမ္မ ဆက်ကြေးတောင်းနေတဲ့ စစ်တပ်ဂိတ်ကို ရှင်းလင်းပေးဖို့ ပြည်သူတွေက တောင်းဆိုမှုတွေ များတဲ့အတွက် ဇန်နဝါရီ ၁၀ ရက် ည ၇ နာရီအချိန်မှာ ဝင်ရောက်ရှင်းလင်းခဲ့တာလို့ ပြောပါတယ်။
ဝရဇိန်တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “လုံခြုံရေးအကြောင်းပြုပြီး ပိုက်ဆံ လာလာကောက်တာပါ။ တိုက်ပွဲက ၁၀ မိနစ်ကျော်ပဲ ကြာပါတယ်။ ခုမှရတဲ့ နောက်ဆုံးသတင်းက စကစ တယောက် ကျပါတယ်။ တယောက် သေ၊ ၂ ယောက် ဒဏ်ရာရပါတယ်” လို့ ပြောပါတယ်။
စစ်ဆင်ရေးအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံကို ပို့ဆောင်သွားတယ်လို့ ဖြစ်စဥ်သိတဲ့ ဒေသခံတွေက ပြောပါတယ်။
ဆက်ကြေးကောက်သူတွေက အမြဲတမ်း ကောက်နေတာမျိုး မဟုတ်ဘဲ လုံခြုံရေးအကြောင်းပြ ငွေကောက်တာ၊ သောက်စားမူးယစ်နေချိန်တွေမှာ ငွေပိုကောက်တာတွေ ရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်မှာလည်း ဝရဇိန်တပ်ဖွဲ့က စစ်တပ်ရဲ့ ပြည်သူတွေကို ဗုံးကြဲနေတဲ့ လေတပ်ဝင်းထဲကို Anti Jammer FPV ဒရုန်းတွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လေကြောင်းထိန်းသိမ်းရေး မျှော်စင်နဲ့ ဂျမ်မာတာဝါတိုင် ထိခိုက်ပျက်စီးခဲ့ပါတယ်။


