
ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း အစပ်၊ ကျေးသီး-မိုင်းရယ်ကြားက ကောင်းလန်း စစ်ကောင်စီဂိတ်မှာ သံတိုသံစကားတွေကို နိုဝင်ဘာလကုန်ပိုင်းကစ သွားလာခွင့်ပိတ်ထားသလို ပြောင်းကားတွေကိုလည်း လူကြီးခရီးစဉ် အကြောင်းပြချက်နဲ့ ယာယီသွားလာခွင့်မပြုတာကြောင့် ပိတ်မိနေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။
“သံတိုသံစကားတွေက အရင်လ နိုဝင်ဘာလ လကုန်ပိုင်းကတည်းက ပိတ်တာ ဟုတ်တယ်။ ကီလို (သံတိုသံစ) တမျိုးတည်း လုံးလုံးပိတ်ထားပါတယ်” လို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။
ကောင်းလန်းဂိတ်မှာ ပိတ်မိနေတဲ့ သံတိုသံစကားတွေ အစီး ၃၀ လောက်ရှိပြီး ရက်ပေါင်း ၁၅ ရက်ခန့်ကြာ ပိတ်မိနေတဲ့ကားတွေ ရှိသလို တလဝန်းကျင်အထိ ပိတ်မိနေတဲ့ ကားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကုန်တင်ယာဉ်မောင်း နောက်တယောက်က “လမ်းမပွင့်သေးပါဘူး။ ပြောင်းနဲ့ သံတိုသံစကား ပိတ်ထားတုန်းပါ။ ကျန်တဲ့ကားတွေ သွားလို့ရပါတယ်” လို့ ပြောပါတယ်။
ပြောင်းကားတွေကို အခုလ ဒီဇင်ဘာ ၁၀ ရက်ကစ လူကြီးလမ်းကြောင်းရှိလို့ ပိတ်လိုက်တာဖြစ်ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက် ၁၁ နာရီခွဲလောက်အထိ မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
ကုန်ကားတွေအားလုံးကို ပိတ်ထားတာမျိုးမဟုတ်ဘဲ အုတ်၊ ဘိလပ်မြေနဲ့ တခြားကုန်တွေတော့ သွားလို့ရပြီး ပြောင်းကားတွေကို ဘယ်အချိန်ဖွင့်ပေးမယ် ဆိုတာလည်း မသိရဘူးလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လကုန်ပိုင်းကလည်း လူကြီးလမ်းကြောင်း ရှိတယ်ဆိုပြီး ကောင်းလန်းဂိတ်မှာ ပြောင်းကားတွေကို နှစ်ရက်၊ သုံးရက်ခန့် ပိတ်ခဲ့သေးကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လမ်းပိုင်းတွေမှာ ကြိုတင်အသိပေး ကြေညာတာမျိုးမရှိဘဲ မကြာခဏ လမ်းပိတ်တာတွေ ရှိနေတာကြောင့် ခရီးသွားကားတွေ အပါအဝင် ကုန်တင်ကားတွေ အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။


