
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်ကို နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ဒုရဲအုပ် ကျော်ဇင်ထွန်းနဲ့ ပျူစောထီးတွေ အပါအဝင် ၅ ယောက် သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။
ဒီဖြစ်စဉ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်လည်း ကျဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို) က နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကြို့ပင်ကောက် GBK ဆေးရုံနားမှာရှိတဲ့ စစ်တပ်ရဲ့ သဲကုန်းလေးကျီစု စစ်ဆေးရေးဂိတ်ကို ရှောင်တခင် ဝင်ရောက် ပစ်ခတ်ခဲ့တာမှာ ဒုရဲအုပ်ကျော်ဇင်ထွန်းနဲ့ ပျူ ၄ ယောက်ကတော့ နေရာမှာတင် သေဆုံးခဲ့ပြီး ၂ ယောက်ကလည်း ဒဏ်ရာပြင်းထန်ပါတယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်းကနေ MA13 သေနတ် တလက်၊ G3 သေနတ် တလက်၊ G4 သေနတ် တလက်၊ G3 ကျည်အတောင့် ၄၀၊ MA13 ကျည်အတောင့် ၂၀၊ ကျည်ဘောက် ၃ ခု၊ လက်ပစ်ဗုံး ၃ လုံးနဲ့ လက်ထိတ် တခုတို့ သိမ်းဆည်းရရှိခဲ့ ပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တာဝန်ရှိသူတယောက်က “တိုက်ခိုက်မှုက ၈ နာရီခွဲမှာ စတင်ခဲ့ပြီးတော့ ၉ နာရီခွဲမှာ သူတို့ဂိတ်စခန်းကို အပြီးရလိုက်ပြီးတော့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့တာပါ။ နှစ်ဖက်ပစ်ခတ်မှု ၁ နာရီအတွင်းမှာ ကျနော်တို့ဘက်က ရဲဘော် တယောက် ကျဆုံးခဲ့ပါတယ်။ ကျနော်တို့ဘက်က ရဲဘော် တယောက် ကျဆုံးခဲ့တဲ့အတွက်ကြောင့်မို့လို့လည်း အဲဒီစခန်းထဲကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။
ကြို့ပင်ကောက်မှာ စစ်တပ်ဂိတ်က ခရီးသွားပြည်သူတွေအပေါ် မတရားပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်တာ ကြမ်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ဂိတ်ဖြစ်လို့ အခုလို ရှောင်တခင် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း စစ်ကောင်စီလက်အောက်ခံတွေနဲ့ စစ်ကောင်စီ ထောက်တိုင်တွေကို အရှိန်တိုးမြှင့် တိုက်ခိုက်သွားတော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း သူတို့နဲ့ နီးနီးကပ်ကပ် နေထိုင်တာတွေ မပြုလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့က သတိပေးတိုက်တွန်းထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ (မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို) က တော်လှန်ရေးရဲဘော်တွေ လုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။


