ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ရှိ စစ်ကောင်စီဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက် မနက် ၅ နာရီဝန်းကျင်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တယောက်က “လက်ပံတန်းမြို့နယ်ထဲမှာရှိတဲ့ ကျောက်တွင်းရွာနားက လမ်းဆုံမှာ ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်နေတဲ့ စကစ ဂိတ်ကို တိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၂ အမှတ် ၃၈၀၂ တပ်ရင်း တပ်ခွဲ ၂၊ ရွှေတန်းမြေ ပကဖ၊ လက်ပံတန်းမြို့နယ် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ရွှေတန်းမြေ ပကဖရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအောင်က “အဲဒီဂိတ်မှာ သူတို့ဘက်က အင်အားအများကြီးတော့ မရှိဘူး။ တိုက်ခိုက်မှုပြီးလို့ နယ်မြေတွေရှင်းလင်းပြီး လက်နက်ခဲယမ်းတွေ လိုက်လံသိမ်းဆည်းတဲ့အခါမှာ အလောင်း ၅ လောင်း တွေ့တယ်။ သိမ်းဆည်းရရှိခဲ့တာကတော့ သေနတ်အရှည် ၂ လက်၊ ခဲယမ်းတချို့နဲ့ ဖုန်း ၂ လုံးတို့ ဖြစ်ပြီးတော့ သူတို့ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကျနော်တို့ရဲဘော်တွေဘက်ကတော့ အထိအခိုက် မရှိခဲ့ပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။
အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာနအတွင်းမှာ ရှိကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ တိုင်းစစ်ဌာနရဲ့ အမိန့်ပေး ကွပ်ကဲမှုအောက်ကနေ အလျဉ်းသင့်သလို စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာဖြစ်ပြီး ချမှတ်ထားတဲ့ အစီအစဉ်တွေအတိုင်း တဆင့်ချင်းစီ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ အရှိန်တိုးမြှင့် ဆောင်ရွက်တဲ့အခါမှာ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့ စစ်ကောင်စီဂိတ်စခန်းတွေ၊ ယာဥ်တန်းတွေ၊ စစ်ကောင်စီလက်အောက်ခံတွေနဲ့ နီးနီးကပ်ကပ် မနေကြဘဲ ဂရုပြု ရှောင်ရှားပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။





